Thursday, October 2, 2014

MPT မှ အင်တာနက်စနစ် ငှားသုံးသော်လည်း အများထင်မြင်သလို မဟုတ်ဟု တယ်လီနော ဆို

ကိုယ်ပိုင်အင်တာနေရှင်နယ် ဂိတ်ဝေးတည်ဆောက်မှု မပြီးစီးသည့်အတွက် Telenor အင်တာနက်စနစ် MPT မှ ငှားရမ်းသုံးစွဲခြင်းဖြစ်ပြီး အများထင်မြင်သ လိုမြန်နှုန်းနှေး မည် မဟုတ်ဘဲ မြန်စေပါမည်ဟု ယင်းကုမ္ပဏီမှ CEO Petter Furberg က ပြောသည်။ ကိုယ်ပိုင်ဂိတ်ဝေးပြီးတာနဲ့ ငှားရမ်းမှုကို ပြန်အပ်မှာပါ။ နောက်ထပ် ဖိုင်ဘာ ဆက်ကြောင်းတွေလည်း ချိတ်ဆက်သွားဖို့ရှိပါတယ်။ မပြီးသေးခင်ကာလမှာပဲ ငှားသုံးနေ တာပါ။ အင်တာနက်သုံးစွဲခကိုလည်း သက်သာတဲ့နှုန်းအပြင် အခမဲ့သုံးနိုင် တဲ့ စနစ်တွေထည့်ပေး ထားပါတယ်” ဟု ပြောသည်။

Bandwidth ငှားရမ်းမှု မည်မျှပြုလုပ်ထားသည်ကိုမူ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း၊ မြန်နှုန်းမြင့်သုံးစွဲသူများအနေဖြင့် Telenor မှ ဝန်ဆောင်မှုပေးထားသည့် Package နှစ်မျိုးအား ရွေးချယ်သုံးစွဲနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအင်တာနက် ကောက်ခံထားသည့် စနစ်နှင့်နှုန်းထားများမှာ အမြန်နှုန်း 300 Kbps အထိရရှိနိုင်မည့် My Internet အား 1MB လျှင် ၆ ကျပ်၊ အမြန်နှုန်း 2Mbps အထိရရှိနိုင်မည့် SMART Internet အား 1MB လျှင် ၁ဝ ကျပ် ကောက် ခံ မည်ဖြစ်ကြောင်း၊ အပိုဆောင်းဝန်ဆောင်မှုအဖြစ် ရက်ပေါင်း ၃ဝ(တစ်လ) Facebook အခမဲ့ အသုံးပြုခွင့်နှင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် Wikipedia (အွန်လိုင်း စွယ်စုံကျမ်း) အား အခမဲ့အသုံးပြုနိုင်ခွင့်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

”မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲသူ အများစုဟာ Facebook ကိုအဓိကထားပြီးတော့ သုံးကြတဲ့အတွက် အခမဲ့သုံးခွင့်ပေးတာပါ။ ပေးတဲ့အခါမှာလည်း SMS သုံးလို့ရမယ့် link တွေ ပုံတွေသွားကြည့်ရင်တော့ ငွေကောက်ခံမှာပါ” ဟု ၎င်းကဆက်ပြောသည်။ အင်တာနက်မြန်နှုန်းနှင့် ပတ်သက်၍ 3G ကွန်ရက်တွင် သုံးစွဲမှုများလာပါ က မြန်နှုန်း အနည်း ငယ်ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်ချက်အ ပေါ်မူတည်ပြီး 3G ကွန်ရက်တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ လတ်တလောအနေဖြင့် မန္တလေးတွင် တာဝါတိုင် ၇ဝ ကျော်တည်ဆောက်ထားကြောင်း၊ ဆက်လက်၍ တာဝါတိုင် ၁၈ တိုင် ထပ်မံတည် ဆောက်သွားရန်ရှိကြောင်း၊ မြို့တွင်းနေရာများတွင် 3G ပိုမိုကောင်းမွန် မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ Telenor ဆင်းကတ်များကို လက်ရှိတွင် စက်တင်ဘာလ ၂၇ရက်နေ့၌မန္တလေးမြို့တွင် စတင်ရောင်းချခဲ့ပြီး တစ်ပတ်အကြာ တွင် နေပြည်တော်၊ နှစ်ပတ်အကြာတွင် ရန်ကုန်မြို့အား ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခအဖြစ် မည်သည့်ကွန်ရက်ကိုမဆို ခေါ်ဆိုပါက ၁မိနစ် ၂၅ကျပ်၊ SMS ပို့ခ ၁၅ ကျပ်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment