Saturday, October 4, 2014

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဲဒီတုန်းက ညီလာခံမှာ ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဦးဆောင်အဖွဲ့မှာက တိုင်းနဲ့ပြည်နယ် အသီးသီးက အဖွဲ့ချုပ်လူငယ် ၅၇ ဦး ပါပါတယ်။ အခုလုပ်မယ့် အစည်းအဝေးမှာတော့ အဖွဲ့ဝင် ၅၇ ဦးလုံးကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အချက်တွေကတော့ ဒီရေးရာကော်မတီတွေက တင်ပြမယ်ပေါ့။ အဲဒီဟာတွေအပေါ်ကို မူတည်ပြီးတော့ ဆွေးနွေးသွားဖြစ်မှာပါ” ဟု ဗဟိုလူငယ် ဦးဆောင်အဖွဲ့မှ တွဲဖက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်က ဆိုသည်။

မျိုးဆက်သစ်ခေါင်းဆောင်များ ဖော်ထုတ်နိုင်ရေး၊ အဆိုပါ မျိုးဆက်သစ်ခေါင်းဆောင်များထဲမှ ပေါ်ထွက်လာသည့် အခြေအနေများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ပိုမိုဖော်ဆောင်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ဒေသန္တရ လုပ်ငန်းများအား ပိုမိုဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပခဲ့ကာ အဆိုပါကိစ္စရပ်များအား အကောင်အထည်ဖော်ရန် ဗဟိုလူငယ် ဦးဆောင်အဖွဲ့အနေဖြင့် ပထမအကြိမ် စုံညီစည်းဝေးခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ပြီးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံတွင် အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များအား “ကျွန်မတို့ရဲ့ လူငယ်တွေဟာ ကိုယ့်အဖွဲ့အစည်းရဲ့ ပြဿနာတွေကို သတ္တိရှိရှိ မှန်မှန်ကန်ကန် ရင်ဆိုင်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း သတ္တိရှိရှိ မှန်မှန်ကန်ကန် ရင်ဆိုင်ပါ။ ရင်ဆိုင်ပြီးတော့ ကျော်လွှားပါ။ ရင်ဆိုင်ပြီးတော့ကျော်လွှားမှ ကျွန်မတို့ဆက်ပြီးတော့ တက်နိုင်မှာ ဖြစ်ပါတယ်” ဟု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပြင် အဖွဲ့ချုပ်နာယက ဦးတင်ဦးလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment