Sunday, November 23, 2014

ကချင်တွင် နှစ်ဖက်တပ်နေရာများ ရုပ်သိမ်းရေး ပွင့်လင်းစွာ ဆွေးနွေးရမည်ဟုဆို

လိုင်ဇာရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်အနီး ဖြန့်ကြက်ထား သည့် တပ်မတော် စစ်စခန်း များ ရုပ်သိမ်းပေးရန် ကေအိုင်အိုက တောင်းဆိုထားရာ နှစ်ဖက်တပ်များချထားရေးအတွက် အပစ်အခတ် ရပ်စဲရေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးနှင့် မန္တလေးမြို့တော်ရှိ စာနယ်ဇင်း အသင်းအဖွဲ့များ၊ သတင်းထောက်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျင်းပရာ အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြော ကားခြင်းဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးကို ခြိမ်းခြောက်နေသည့် ကေအိုင်အေ စခန်း များ ဖယ်ပေးရန် တောင်းဆိုပါကလည်း ကေအိုင်အေစခန်းများ ဖယ်ပေးရန် လိုသည်ဟု ၎င်းကဆိုသည်။ “လက်ရှိ ပိုနေမြဲ၊ ကျားနေမြဲနဲ့ပဲ စဉ်းစားကြည့်ပါဦး။ ဖားကန့်သတ္တုတွင်း နယ်မြေရောက်နေတဲ့ တပ်ဖွဲ့ (ကေအိုင်အေ) တွေ ဖယ်ပေးပါပြောရင် သူသဘောတူမလား။ ဒါမျိုးလုပ်ချင်ရင် အပစ်အခတ် ရပ်စဲရေးမှာ တပ်နေရာ ချထားရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ်” ဟု ၎င်းက ပြောဆို သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး အတွက် ကေအိုင်အို ဗဟိုကော်မတီက လိုင်ဇာတစ်ဝိုက် ဖြန့်ကြက်ထားသော လက်နက်ကြီး ဖယ်ရှားရန်နှင့် တပ်မတော်စစ်စခန်းများ ရုပ်သိမ်းပေးရန် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆို ထားသည်။ နိုဝင်ဘာ ၁၉ ရက်နေ့က လိုင်ဇာ စစ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သဖြင့် သင်တန်းသား ၂၃ ဦးသေဆုံးခဲ့ပြီး အဆိုပါ သေဆုံးမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ သင်တန်းသားနှစ်ဦးပါဝင်ကြောင်း ABSDF က ထုတ်ပြန် ထားသည်။

တပ်မတော်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာ တမင်ရည်ရွယ် ပစ်ခတ်ခြင်း မဟုတ်ကြောင်း၊ ကေအိုင်အေတပ်များက တပ်မတော်ကို ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ပြန်လည်သတိပေး ပစ်ခတ်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment