Sunday, November 23, 2014

ပုဒ်မ ၄၃၆ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် အခက်အခဲများ ရှိနေသော်လည်း ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ရအောင် ညှိနှိုင်းသွားမည်ဟု ၎င်းက ဗွီအိုအေသတင်းဌာနနှင့် နိုဝင်ဘာ ၂၃ရက်က အင်တာဗျူးတွင် ပြောကြားလိုက်သည်။

"ကျွန်မတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ် လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ် ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာ ပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့ လိုတဲ့ ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျွန်မတို့မှာ အားလုံး လိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ညှိနှိုင်းရန် အစဉ်တစိုက်တောင်းခံခဲ့ပြီး နိုင်ငံရေးအရ အဖြေရာရန် ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်ရမည်" ဆိုသည့်ပေါ်မူတည်ပြီး ရပ်တည်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်သည်။

ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံရန် ငြင်းဆန်နေသည့် လေးပွင့်ဆိုင် တွေ့ဆုံပွဲကိုလည်း တောင်းဆိုနေရခြင်းက ပြဿနာများ ပြေလည်စေရန် ကြိုတင်လုပ်ဆောင်ဖို့ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အဓိကကျသည့် ပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆ကို တပ်မတော်အနေဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီအိုအေနှင့် တွေ့ဆုံစဉ်ကပင် ပြောကြားခဲ့သည်။ ပုဒ်မ ၄၃၆အပြင် ပုဒ်မ
၅၉(စ)ကိုလည်း ပြင်ဆင်ရန် မရှိသေးကြောင်း ကာ/ချုပ်က ထုတ်ဖော်ပြောဆိုထားသည်။

ကာ/ချုပ်၏ ပြောဆိုချက်များကို နိုင်ငံရေးသမားများနှင့် နိုင်ငံရေး လေ့လာသူများက ယင်းသည် လက်ရှိသွားနေသည့် ဒီမိုကရေစီ လမ်းကြောင်းကို သွေဖယ်ခြင်း ဖြစ်သည်ဟု ဝေဖန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment