Monday, November 24, 2014

သံဖြူဇရပ်ရှိ ရော်ဘာခြံပိုင်ရှင်းများ ခြိမ်းခြောက်ဆက်ကြေးတောင်းခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု ရဲတံခွန်ကျေးရွာ၊ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းဘေးရှိ ရော်ဘာခြံပိုင်ရှင်များ ဆက်ကြေးမပေးဘဲ ရော်ဘာစေး လှီးပါက အလုပ်သမားများကို သတ်ပစ်မည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးစိုးစိုးနှင့် KNU ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်လက်ဝဲတို့က ခြိမ်းခြောက်လိုက်ကြောင်း ရဲတံခွန် ရော်ဘာခြံရှင်များက ပြောကြားသည်။



ယင်းရော်ဘာခြံများသည် ဗိုလ်လက်ဝဲ ပိုင်ဆိုင်သည့် ရော်ဘာခြံများ ဖြစ်သည်ဟုဆိုကာ ရော်ဘာခြံရှင်များထံမှ ဆက်ကြေးတောင်းခဲ့ခြင်း ဖြစ်ပြီး ရော်ဘာခြံရှင်များက ဆက်ကြေးမပေးခြင်းအပေါ် နိုဝင်ဘာလ ၁၄ ရက်က ဒေါ်ယိမ်း၊ ဒေါ်ချို၊ ဦးအောင်ဆွေ၊ ဦးပေါက်၊ ဦးအလယ်နှင့် ဦးဗညားမွန် ရော်ဘာခြံများမှ အစေးလှီး အလုပ်သမားကိုးဦးကို ယင်းအဖွဲ့က ခေါ်ဆောင်သွားပြီးနောက် ရော်ဘာခြံများတွင် အစေးလှီးပါက လူကိုသတ်၍ ရော်ဘာခြံကို မီးရှို့မည်ဟု ပြောဆိုပြီး အလုပ်သမားများကို လေးခွဖြင့် ပစ်ခတ်၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရော်ဘာခြံပိုင်ရှင် ဦးပေါက်က ပြောကြားသည်။

အလုပ်သမားများကို လာရောက်ခေါ်စဉ်က ယင်းလက်နက်ကိုင် အဖွဲ့နှင့်အတူ ရဲတံခွန်ကျေးရွာမှ ရာအိမ်မှူး ဦးပလုပ်တုတ်၊ စံပြကျေးရွာမှ ရာအိမ်မှူး ဦးထူးထူးတို့က လိုက်ပါလာခြင်း ဖြစ်ပြီး အလုပ်သမားများကို လေးခွဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်လည်း ရော်ဘာခြံ တစ်ဧက ပိုင်ဆိုင်လျှင် ငွေသုံးသိန်း ပေးခဲ့ရကြောင်း ရဲတံခွန်ကျေးရွာမှ ရော်ဘာခြံရှင်တို့က ဆိုသည်။

ရဲတံခွန်ကျေးရွာ ရော်ဘာခြံရှင်များထံမှ ငွေကြေး တောင်းခံနေခြင်းသည် KNU/KNLA တပ်ဖွဲ့က တောင်းခိုင်းခြင်း မရှိကြောင်း၊ ယင်းကိစ္စသည် ၎င်းနှစ်ဦးနှင့်သာ သက်ဆိုင်မည် ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဘားအံဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောအောင်ချစ်က ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ မွန်ပြည်သစ်ကတော့ လုံခြုံရေးအနေနဲ့ လုပ်ထားပေးတာတော့ တစ်ပတ်လောက် ရှိသွားပြီး အစိုးရတပ်က လုံခြုံရေးအနေနဲ့ လာပြီဆိုရင်တော့ ကျွန်တော်တို့ ရပ်နားမှာပေါ့၊ ပေါင်းလုပ်မယ်ဆိုလည်း ကျွန်တော်တို့ ပေါင်းလုပ်မှာပေါ့၊ ကျွန်တော်တို့ကတော့ တောကိုခေါ်ပြီး ညှိနှိုင်းတာထက် တရားဥပဒေနဲ့ မြို့ပေါ်မှာ ညှိနှိုင်းစေချင်တယ်” ဟု မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ သံဖြူဇရပ်မြို့နယ် စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးသွေးက ဆိုသည်။

ရဲတံခွန်ကျေးရွာအတွင်း ရော်ဘာခြံပိုင်ရှင် ၁၀၀ ကျော် ရှိနေပြီး ရော်ဘာပင်များကို လွန်ခဲ့သည့် ၂၃ နှစ်က စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့နှင့် ကျေးရွာ ရော်ဘာခြံသမားများ ပိုင်ဆိုင်မှု အငြင်းပွားခြင်းကို တရားဥပဒေဖြင့် ဖြေရှင်းခြင်း မပြုလုပ်ဘဲ ကိုယ်ထိလက်ရောက်ပြုပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကြောင့် ရော်ဘာခြံ အလုပ်သမားများ အစေးမလှီးရဲ ဖြစ်ကာ ရော်ဘာခြံလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း ရော်ဘာခြံရှင်တို့က ဆိုသည်။

ရော်ဘာခြံ အလုပ်သမား အများစုသည် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပြီး တစ်နေ့အလုပ်လုပ်မှ တစ်နေ့ ထမင်းစားရသူများ ဖြစ်ခြင်းကြောင့် အလုပ်သမားများ အလုပ်မဆင်းနိုင်ကြခြင်းသည် ၎င်းတို့ မိသားစုများအတွက် ထိခိုက်မှုများစွာ ရှိနေကြောင်း ဗိုလ်ကြီးမျိုးသွေးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment