Monday, November 10, 2014

အနည်းဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမည်

Photo: အနည်းဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြမည်

ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် အနည်ဆုံး လုပ်အားခ အမြန်ဆုံး သတ်မှတ်ပေးရန် အပါအဝင် အချက်ခြောက်ချက် ရရှိရန် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ခေါင်းဆောင် ဦးရဲလင်းဟိန်းက ပြောကြားသည်။ 

ကနဦး အစီအစဉ်အရ ရန်ကုန်မြို့တော် ဆူးလေဘုရားအနီး၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်မပြုဘဲ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းတွင်သာ ဆန္ဒထုတ်ဖော်ခွင့် ပြုသဖြင့် ဆန္ဒပြမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ၎င်းကဆိုသည်။

အနိမ့်ဆုံး လုပ်ခလစာ အမြန်ဆုံး သတ်မှတ်ရေး၊ အလုပ်ရှင်က အလုပ်သမားများအား တစ်ဖက်သတ် အလုပ်ထုတ်မှု ရပ်ဆိုင်းရေး၊ ခုံသမာဓိကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်များကို မလိုက်နာသည့် အလုပ်ရှင်များအား ထောင်ဒဏ်ချမှတ်ရန် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးရန် အပါအဝင် အချက်ခြောက်ချက်ကို တောင်းဆိုမည် ဖြစ်ကြောင်း ဦးရဲလင်းဟိန်းက ရှင်းပြသည်။

မူလစီစဉ်ထားသည့် နေရာတွင် ဆန္ဒပြခွင့် မရသဖြင့် ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့တော် ဆူလေဘုရားအနီးတွင် ဆန္ဒပြခွင့်မပေးမှုကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန္ဒပြပွဲကို လှိုင်သာယာ မြို့နယ်တွင် နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး နေရာနှင့် နေ့ရက်အတိအကျကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း အဆိုပါကွန်ရက်က ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါ်လှလှက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ရန် စက်တင်ဘာလ အတွင်းတွင် စစ်တမ်း စတင်ကောက်ယူမည် ဖြစ်သော်လည်း အနည်းဆုံး လုပ်အားခ နှုန်းထားကို တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

သမ္မတက ထောင်ဒဏ်ထည့်ရန် သဘောထားမှတ်ချက် ပေးထားသော်လည်း ထောင်ဒဏ်ထည့်သွင်းခြင်း မပြုဘဲ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က အတည်ပြုခဲ့သည်။

The Voice Weekly

No comments:

Post a Comment