Thursday, November 20, 2014

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင် တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင် တပ်မတော်မှ ခလရ (၆၆)နှင့် ကေအိုင်အေတပ်ရင်း (၂၆ )တို့  နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နှစ်ဖက်တပ်များသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီကျော်တွင် ပြီးဆုံးသွားကြောင်း သိရသည်။ မိုင်းနောင်းကျေးရွာအနီးတွင်ဖြစ်ပွားမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြည်လည်တည်ငြိမ် လာကြောင်း ဒေသခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။


မိုင်းနောင်းကျေးရွာဒေသခံတစ်ဦးက "မိုင်းသုံးလုံးဆက်တိုက်ပေါက်ကွဲတယ်။ အဲဒါပြီးတော့ မိုးရွာသလိုပစ်ကြတာ။ ကျွန်တော်တို့အိမ်နဲ့က သိပ်မဝေးဘူး။ အိမ်တောင်တုန်နေတာ။ ကျောက်ဆင်ရုပ်တောကျောင်းနားမှာပစ်ကြတာ။ ရွာကလူတွေလည်းပြေးကြတယ်။ ရွှေမှော်က လူတွေလည်း ပြေးကြတယ်။ အိမ်အောက်မှာလည်းပုန်းကြတယ်။ လက်နက်ကြီးငယ် အစုံပဲပစ်ကြတာ။ တပ်မတော်ဘက်က ပစ်သံများတယ်။ မနက်မိုးလင်း ၇ နာရီကျော်မှပြီးသွားတာ။ ကေအိုင်အေတွေကထွက်ပြေးသွားတယ်။ သေတဲ့လူတစ်ဦးကတော့ ကေအိုင်အေကလို့ပြောကြတယ်။
အရပ်သားလား၊ ကေအိုင်အေလားမသိဘူး။ တစ်ယောက်ပေါင်ကျိုးသွားတယ်။ အဘွားကြီးတစ်ဦးတော့ ဒဏ်ရာရပြီး ကေအိုင်အေကသယ်သွားတယ်။ စစ်သားတွေကထွက်သွားကြပြီ။ ဒဏ်ရာရတဲ့လူတွေကတော့ မတွေ့ဘူး။ နယ်လှည့်နေတဲ့ တပ်မတော်သားတွေနဲ့တွေ့တာပါ" ဟုဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကေအိုင်အိုဗဟိုရုံးလိုက်ဇာသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ မြစ်ကြီးနားမြို့ ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ရုံးသို့ သွားရောက်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့်သူမရှိချေ။ ကချင်ပြည်နယ် နယ်လုံဝန်ကြီးဌာနသို့ သွားရောက်မေးမြန်းသော်လည်း ငြင်းပယ်ခြင်းခံရပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိနေသော ကြေးနန်းသတင်းများအရ လက်နက်ခဲယမ်းအချို့သိမ်းပိုက်ခဲ့ပြီး သေဆုံးသူမှာ ကေအိုင်အေတပ်သားတစ်ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူမှာ အရပ်သားဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အရာရှိတစ်ဦးကဆိုသည်။

ယင်းတိုက်ပွဲအတွင်းဒဏ်ရာရသူမှာ အင်းတော်ကြီးဒေသ နောင်မွန်မြို့ ရှမ်းကုန်းရပ်ကွက်မှ မောင်ဝင်းနိုင်ဦး(ခေါ်)မောင်အားနိုး အသက် (၂၄ )နှစ်ဖြစ်ပြီး ဒူးဆစ်နေရာတွင် ကျည်ဆံ (သို့) မိုင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအားဆေးရုံသို့ ပို့ဆောင်ကူညီနေသူ မိုင်းနောင်းကျေးရွာ နာရေးကူညီမှုအသင်းဝင်တစ်ဦးက "ဒဏ်ရာက မိုင်းဖြစ်ဖို့များတယ်။ အရိုးထိသွားလို့ လုံတုံဆေးရုံကနေ မိုးညှင်းမြို့ဆေးရုံကိုလွှဲလို့ အခုမိုးညှင်းကို သွားနေတယ်" ဟု နိုဝင်ဘာ ၁၉ ရက် မွန်းလွဲနှစ်နာရီခွဲကပြောကြားသည်။

ယခုတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခြင်းသည် တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ယခုလ ၁၆ ရက်တွင် တပ်မတော်ခလရ(၃၁၇) နှင့် ကေအိုင်အေရင်း (၂၇) တို့ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲဖြစ်ပွားပြီး တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲဖြစ်ရသည့်အကြောင်းမှာ တပ်မတော်မှတာဝန်လဲလှယ်ရန် တပ်နေရာရွှေ့ပြောင်းစဉ် လမ်းပိုင်းတွင် ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်ဘက်မှ လေးဦးဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေဘက်မှ ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း မန်းဝိန်းကြီးဒေသခံနှင့် ကေအိုင်အေပြောရေးဆိုခွင့်ရှိသူများကဆိုသည်။

ယင်းပဋိပက္ခဖြစ်စဉ်များ၊ တိုက်ပွဲများဖြစ်ပွားရခြင်းကို လာမည့်ပဋိပက္ခညှိနှိုင်းရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရနှင့်ကေအိုင်အေ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က တာဝန်ရှိသူများကဆိုသည်။

တပ်မတော်နှင့်ကေအိုင်အေကြား တိုက်ပွဲများလျှော့ချရန် နှစ်ဖက်ပဋိပက္ခများဖြစ်ပွားနိုင်သည့်ကိစ္စရပ်များ ညှိနှိုင်းဖြေရှင်းရန် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ကို တစ်လလျှင်တစ်ကြိမ်တွေ့ဆုံပြီး ပုံမှန်ဆွေးနွေးရန် စသည့်ရည်ရွယ်ချက်များဖြင့် အစိုးရနှင့် ကေအိုင်အိုတို့၏ နှစ်ဖက်ခေါင်းဆောင်းများ ပါဝင်သည့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၄ ခုနှစ် မေ ၃၁ ရက်က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မနောကွင်း၌ပြု လုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment