Thursday, November 20, 2014

တစ်ဒေါ်လာကို ကျပ် ၁၀၈၀ အထိရောက်လာ၊ ဒေါ်လာလဲနှုန်းကိုဈေးကစားခြင်းမပြုရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအား ခေါ်ယူဆွေးနွေးသတိပေး

ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်တက်လာသော ဒေါ်လာလဲနှုန်းနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးရန်နှင့် ဈေးကွက်အတွင်း မလိုအပ်ဘဲ ဈေးကစားခြင်းမပြုလုပ်ရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုဝင်ဘာ ၁၉ ရက်မှာ ခေါ်ယူဆွေးနွေးသတိပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။


ဗဟိုဘဏ်ကနေ နေ့စဉ် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာစသော ငွေဈေးနှုန်း များကို Reference Rate သတ်မှတ်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၄ ရက်က တစ်ဒေါ်လာကို ၁၀၁၆ ကျပ်သတ်မှတ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှာ တစ်ဒေါ်လာကို ၁၃ ကျပ်ကွာပြီး ၁၀၂၉ ကျပ် ဈေးသတ်မှတ်ခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်မှာ တစ်ဒေါ်လာ ၁၀၄၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှာ ၁၀၄၈ ကျပ်ဈေးသတ်မှတ်ထားသည်။

ဈေးနှုန်းမြှင့်တက်ရခြင်းမှာ သွင်းကုန်များပြားလာခြင်းမရှိဘဲ ဈေးကစားခြင်းကြောင့်ဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းမြင့်မားလာသည်ကိုမလိုလားသောကြောင့် ခေါ်ယူဆွေးနွေးသတိပေး ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဆွေးနွေးရာတွင် အဓိကအားဖြင့် ဗဟိုဘဏ်သတ်မှတ်သောနှုန်း၏ + ၀ ဒသမ ၈ နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ချက်အတွင်း ရောင်းဝယ်မှု မပြုလုပ်ခြင်း၊ ဈေးနှုန်းများဖြစ်သင့်သည်ထက် ပိုမိုမြင့်မားအောင်ဆောင် ရွက်ခြင်းများကြောင့် မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းအတွင်း ရောင်းချရန်နှင့် မလိုလားအပ်ဘဲ မြင့်မားသော ဈေးနှုန်း များဖြင့် ဈေးမကစားဘဲ ဖြစ်သင့်သောဈေးနှုန်းဖြင့်သာရောင်းဝယ်ရန် ငွေကြေးတည်ငြိမ်မှုအတွက် အားလုံးတွင်တာဝန်ရှိသောကြောင့် ညွှန်ကြားထားသောဥပဒေကို လိုက်နာဆောင်ရွက်ရန် သတိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဗဟိုဘဏ်အနေနဲ့ ဈေးနှုန်းတည်ငြိမ်တာကိုသာလိုလားပြီး အခုလိုအဆမတန်မြင့်မားတာကို လက်မခံပါဘူး။ လက်ရှိဖြစ်နေတာက ပုဂ္ဂလိကဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ကုမ္ပဏီအဖွဲ့အစည်းတွေက သတ်မှတ်ချက်မလိုက်နာဘဲ ဈေးအပြိုင်အဆိုင်မြှင့်တင်ရောင်းချရာကနေ ဒီလိုအဆမတန်မြင့်တက် လာတာဖြစ်တယ်" ဟု ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် နေ့စဉ်ပြုလုပ်သော ဈေးပြိုင်လေလံတွင် ပြီးခဲ့သည့်အပတ်က ပုဂ္ဂလိကဘဏ်များကို သန်း ၅၀ အထိရောင်းချပေးခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင်ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁၄/၂၀၁၂ တွင် ဒေါ်လာအား မလိုလားအပ်သော ဈေးကစားမှုမဖြစ်စေရန် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း၊ ရည်ညွှန်းငွေလဲလှယ်နှုန်း Reference Rate ၏ + ၀ ဒသမ ၈ နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းအတွင်းသာ သတ်မှတ်ရောင်းချရန် ညွှန်ကြားထားပြီးဖြစ်သည်။ ယင်းညွှန်ကြားချက်အတိုင်း ဗဟိုဘဏ်အနေဖြင့် ဘဏ်များအားလုံးနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေလဲလှယ်သည့်ကောင်တာများတွင် သတ်မှတ်နှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုရန် သတိပေးအကြောင်းကြားထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်က တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်အထိ ပေါက်ဈေးဖြစ်သည်အထိ ထိုးတက်လာခဲ့ပြီးနောက် ထပ်မံ၍ နိုဝင်ဘာ ၁၉ ရက်တွင် ၁၀၈၀ ကျပ်အထိ ပြင်ပဈေးကွက်တွင် မြင့်တက်သွားခဲ့သည်။

ယင်းအပြင် ပြည်ပပို့ကုန်မှရငွေ Earning တန်ဖိုးမှာလည်း တစ်ဒေါ်လာလျှင် နိုဝင်ဘာ ၁၈ ရက်က တစ်ဒေါ်လာ ၁၀၇၀ ကျပ်မှ ၁၀၇၅  ကျပ်အတွင်းထိရှိခဲ့သော် နိုဝင်ဘာ ၁၉ ရက်တွင် ၁၀၈၇ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာငွေတန်ဖိုးမှာ လပိုင်းအတွင်း ရှစ်ရာခိုင်နှုန်းနီးပါးအထိ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်ပြီး နိုင်ငံတကာတွင်မူ ဒေါ်လာတန်ဖိုးမှာ သုံးရာခိုင်နှုန်းဝန်းကျင်သာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်တစ်လျှောက် နှိုင်းယှဉ်မည်ဆိုပါက သုံးနှစ်အတွင်း မြန်မာငွေတန်ဖိုးမှာ ရာခိုင်နှုန်း ၃၀ ၀န်းကျင်အထိ တန်ဖိုးကျဆင်းသွားခြင်းဖြစ်ကြောင်း အချက်အလက်များ အရ သိရသည်။

နိုဝင်ဘာ ၁၉ ရက် ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများက တစ်ဒေါ်လာကို ၁၀၅၆ ကျပ်နဲ့ရောင်းချပြီး ပြင်ပဈေးကွက်တွင် ၁၀၈၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ငွေလဲကောင်တာများတွင် မွန်းလွဲပိုင်းအထိ တစ်ဒေါ်လာ ၁၀၅၆ ကျပ်ဖြင့် ဈေးဖွင့်ထားသော်လည်း ဘဏ်မပိတ်မီအချိန်အတွင်း နောက်ဆုံးပိတ်ခဲ့သည့်ဈေးမှာ တစ်ဒေါ်လာ ၁၀၈၀ ကျပ်ဖြစ်ကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီငွေလဲနှုန်းမှာ တစ်နေ့တာလုံး ပြောင်းလဲလျက်ရှိကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment