Monday, November 24, 2014

ဦးစိုင်းလင်းကိုယ်ကျိုး လောင်းကစားရုံများ မိုင်းလားဒေသမှာ ပျောက်ကွယ်စေချင်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်မြေထဲက မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းပိုင်ဆိုင်သော ကာစီနို လောင်းကစားရုံများကို နိုဝင်ဘာ ၂၅ ရက်နေ့အပြီး ပိတ်သိမ်းရန် တရုတ်နိုင်ငံအာဏာပိုင်များက ရာဇသံပေး လိုက်ပြီဟု သိရပါသည်။ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား)အဖွဲ့အတွက် စီးပွားရှာရန် ခေါင်းစဉ်တပ်ခဲ့ပေမယ့် လက်တွေ့ကြီးပွားချမ်းသာနေသူက ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းဖြစ်နေပါသည်။ ကာစီနို လောင်းကစားကို အဆောက်အအုံကြီးများ တခမ်းတနားဆောက်ပြီး ဖွင့်လှစ်ခွင့်ရသောနေရာသည် မိုင်းလားနယ်မြေ တစ်ခုတည်းသာရှိသည်ဟု ဆိုနိုင်ပါသည်။



ထိုကဲ့သို့သော ကာစီနိုလောင်းကစားရုံများကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနှစ်နိုင်ငံစလုံးမှာ တရားဝင်ဖွင့်ခွင့် မရှိဘဲ မိုင်းလားနယ်မြေကိုတော့ NDAA(မိုင်းလား)အဖွဲ့၏ တပ်ရံပုံငွေရရှိရေးအတွက် ဖွင့်လှစ်ခွင့်ပေးထား ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ထိုလောင်းကစားရုံများသည် ဒေသခံများအတွက်လည်း အကျိုးမရှိ၊ တရုတ်လူမျိုးများအတွက်လည်း လောင်းကစားနွံထဲကရုန်းမထွက်နိုင်ဖြစ်နေပြီး အဓိကအကျိုးရှိသူများ ကတော့ ဦးစိုင်းလင်းနှင့် သူ့ဇနီးတရုတ်မျိုးနွယ် ဖုန်းစင်ချွန်တို့ပဲ ဖြစ်ပါ သည်။

မိုင်းလားမြို့ကနေ ၁၅ မိုင်ခန့် အကွာသို့ တစ်နာရီခန့်ဆိုင်ကယ်စီးလာလျှင် အလွန်လှပသပ်ရပ်သော အဆောက် အအုံများစွာကို ခေတ်မီသော အပြင်အဆင်များဖြင့် တိတ်ဆိတ်သည့်နေရာလေးတစ်ခုအဖြစ် အမှတ်မထင်တွေ့မြင် ရပါသည်။ ထိုနေရာက အခြားမဟုတ်ပါဘူး။ ၀မ်သျှိုရွာမှာ ဖွင့်လှစ်ထားတဲ့ ဦးစိုင်းလင်းပိုင်ဆိုင်သော ကာစီနိုလောင်း ကစားရုံများပင် ဖြစ်ပါသည်။ ကာစီနိုလောင်းကစားရုံများဆီသို့ လာရောက်ကစားသူများ သွားလာရေး အဆင်ပြေ စေရန် ကစားရုံမှ စီစဉ်ပေးထားသော သီးသန့် ကြို၊ပို့ ကားများရှိသည်ဟု ပြောလျှင် ယုံချင်မှယုံကြပါလိမ့်မည်။ သို့သော် ရောက်ဖူးသူများကတော့ သိပြီးသားဖြစ်ပါသည်။ ပတ်ဝန်းကျင်မှာ ထမင်းဆိုင်၊ ဈေးဆိုင်တန်းများရှိပြီး စည်ကားသောနေရာတစ်ခုဖြစ်ပါသည်။

ထိုကာစီနိုလောင်းကစားရုံအ၀င် အပြင်ဘက်မှာဆိုရင် `` စစ်ဝတ်စုံများဖြင့် ၀င်ခွင့်မပြု၊ တုတ်/ဓါးလက်နက်များ နှင့် မူးယစ်ဆေးဝါးများ ယူဆောင်သုံးစွဲခွင့်မပြု´´ စသည့်စာသားများကို တရုတ်၊ ရှမ်း၊ မြန်မာ ဘာသာများဖြင့် ရေး၍ ကပ်ထားပါသည်။ သို့သော် လောင်းကစားလာသူများကိုတော့ စစ်ဆေးတာမျိုးမရှိဘဲ အဲဗားဝဲလ်ကမ်းလုပ်ထားပါ သည်။ တရုတ်ဘက်က ကာစီနိုလောင်းစကားရုံများ ပိတ်ရမည်ဟုပြောလာတော့ ဦးစိုင်းလင်း၏ စီးပွားရေးကို တုတ်နှင့်အထိုးခံရသလို ဖြစ်သွားခဲ့ပါသည်။

ဦးစိုင်းလင်း၏ဇနီး ဖုန်းစင်ချွန်သည် ဖုန်ကြားရှင်၏သမီးဖြစ်ပြီး တရုတ်အမျိုးအနွယ်ဖြစ်တာကြောင့် ကာစီနို လောင်းကစားရုံများ လုပ်ပိုင်ခွင့်ကို တရုတ်ဆီကနေ ဦးစိုင်းလင်းရရှိခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၃-၁၉၉၄ ခုနှစ်လောက် က စတင်ပြီး ကာစီနိုကို စီးပွားရေးလုပ်ငန်းအဖြစ် ဦးစိုင်းလင်း စတင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်လောက်တုန်း ကလည်း ကာစီနိုလောင်းကစားရုံများကို တရုတ်က ပိတ်ရန် အကြပ်ကိုင်ခဲ့ဖူးပါသည်။ ထို့ကြောင့် ၂၀၀၆ ခုနှစ်မှာ ဦးစိုင်းလင်းက ကာစီနိုလောင်းကစားရုံများကို လက်ရှိ ၀မ်သျှိုရွာကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါသည်။

ထိုလောင်းကစားရုံများတွင် လောင်းကစားမျိုးစုံ လာရောက်ကစားသော လောင်းကစားသမားများအတွက် KTV၊ မာဆတ်၊ ကာရာအိုကေခန်းများ ဖွင့်လှစ်ထားကြောင်း သိရပါသည်။ လောင်းကစားဝိုင်းများနှင့် ဆက်စပ်၍ ဖွင့်လှစ်ထားသော ထိုအခန်းများတွင် အလုပ်လုပ်နေသည့် မြန်မာမိန်းကလေးများမှာ သားကောင်ဘ၀ ရောက်မှန်း မသိ ရောက်ကာပျက်စီးနေကြပါသည်။ ထို့ပြင် လောင်းကစားဝိုင်း၊ အပျော်အပါးများနှင့်ဆက်စပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲရာနေရာလည်း ဖြစ်နေပါသည်။ ထို့ကြောင့် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် အပျော်အပါး ပေါင်းစုံ စုဝေးရာ ဈေးကွက်အဖြစ်လည်း ရှိနေပါသည်။ တစ်နည်းအားဖြင့် ဒေသခံတိုင်းရင်းသားများနှင့် မြန်မာမိန်းကလေး များ ထိုလောင်းကစားရုံများ ရှိနေခြင်းကြောင့် ပျက်စီးနေရသည်ဟု ဆိုနိုင်ပါသည်။

တရုတ်နိုင်ငံက ကာစီနိုလောင်းကစားရုံများကို သူတို့နိုင်ငံသားများအတွက် ပိတ်သည်ဟုဆိုသော် မိုင်းလား နယ်မြေ တွင်လည်း ဘ၀ပျက်နေသော ဒေသခံတိုင်းရင်းသားများ၊ မြန်မာမိန်းကလေးများ ဒုနဲ့ဒေးရှိနေရာ သူတို့ဘ၀များကို လည်း ကယ်တင်ရန်လိုအပ်နေပါသည်။ ထိုလောင်းကစားရုံများ ရှိနေခြင်းကြောင့် ကြီးပွားချမ်းသာနေသူမှာ ဦးစိုင်းလင်းတို့ဇနီးမောင်နှံဖြစ်ပြီး ဘ၀ပျက်နေသူများကတော့ မိုင်းလားဒေသခံ ပြည်သူများဖြစ်ပါသည်။ အခြား တစ်ဖက်တွင်လည်း လောင်းကစားရုံများမှ ရရှိသောဝင်ငွေများဖြင့် ကြီးပွားချမ်းသာလာသော ဦးစိုင်းလင်းအနေဖြင့် မိုင်းလားဒေသကို အုပ်စိုးထားနိုင်ရေးခြေလှမ်း လှမ်းနေသူလည်း ဖြစ်ပါသည်။

ကာစီနိုလောင်းကစားရုံများ ပိတ်သိမ်းခိုင်းသည့်အတွက် ဦးစိုင်းလင်း၏ဇနီး ဖုန်းစင်ချွန်ခမျာ တရုတ်နိုင်ငံထဲ အပြေး အလွှားသွားရောက်နေကြောင်းလည်း သိရသည်။ လောင်းကစားရုံများ မပိတ်သိမ်းရရေးအတွက် တရုတ်အာဏာပိုင် များထံ လိုက်လံညှိနှိုင်းခြင်းမှလွဲ၍ အခြားကိစ္စမရှိနိုင်ပါ။ ထိုကာစီနိုရုံများသာ ပိတ်သိမ်းလိုက်ပြီဆိုပါက ဦးစိုင်းလင်း အတွက် နှစ်စဉ်ဝင်ငွေ ဘီလီယံချီရနေသော စီးပွားရေးလုပ်ငန်းကြီး ဆုံးရှုံးသွားရကိန်း ဆိုက်နေပြီဖြစ်ပါသည်။

အချုပ်ပြောရရင် ကာစီနိုလောင်းကစားရုံများ ပိတ်သိမ်းလိုက်ခြင်းဖြင့် ဆုံးရှုံးနစ်နာမှု ကြီးမားမည့်သူမှာ ဦးစိုင်းလင်း တစ်ယောက်သာဖြစ်ပြီး အကျိုးရှိမည့်သူများမှာ ဒေသခံပြည်သူများ ဖြစ်ကြပါသည်။ ကိုယ်ကျိုးအတ္တကင်းစွာ ပြောရ မယ်ဆိုရင် အများစုကောင်းစားဖို့အတွက် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို ပိတ်ပင်တားဆီးသင့်ရင်လည်း တားဆီးရပါမည်။ အပြုသဘောဆောင်စွာပြောရရင် မိုင်းလားမှာ ကာစီနိုလောင်းကစားရုံများ ပျောက်ကွယ်သွား စေချင်ပါသည်။ မကြာမီကာလမှာလည်း ထိုလောင်းကစားရုံများ ပျောက်ကွယ်သွားမလား သို့တည်းမဟုတ် ဆက်လက်တည်ရှိနေဦးမလားဆိုတာ စောင့်ကြည့်သွားရပါမည်။

စိုင်းဝေယံ
Credit to Shan News

No comments:

Post a Comment