Sunday, November 16, 2014

ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒေသခံ လေးထောင်ကျော် ဆန္ဒပြ

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်-တွံတေး လမ်းမကြီးဘေးရှိ ဆိပ်ကြီးခနောင်တို လမ်းဆုံးမှာ ဒေသခံ လေးထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။

တွံတေး၊ ကြည့်မြင်တိုင်နဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ လေးထောင်ကျော် ဆန္ဒပြနေကြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ရင် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တာကြောင့် ပြန်လည် အကောင်အထည် ဖော်ပေးဖို့ ဆန္ဒပြရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူထဲက တစ်ဦးဖြစ်တဲ့ တွံတေးမြို့နယ် တမာတကာ ကျေးရွာမှ ဦးခင်မောင်ရင်က ရှင်းပြပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ကန့်ကွက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မီဒီယာတွေ အနေနဲ့ ဒေသခံတွေရဲ့ လူမှုဘဝကို အောက်ခြေအထိဆင်းပြီး ကြည့်ရူလေ့လာသင့်တယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အဆိုပြုချက်မှာ မြစ်ကူးတံတားကြီးတွေ၊ စက်မှုဇုန်တွေ၊ ဒေသခံတွေ အတွက် ကျန်းမာရေး ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပါဝင်တာကြောင့် ဒေသခံတွေကို အများကြီး အကျိုးပြုနိုင်မယ့် စီမံကိန်းဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကုလားတန် သုံးအိပ်ကျေးရွာအုပ်စုနေ ဒေသဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းအေးက ဆိုပါတယ်။

ပွင့်လင်းမြင်သာမှုမရှိ ဆိုပြီး ပြင်းထန်စွာ ဝေဖန်ခံခဲ့ရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ကြေညာခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment