Wednesday, November 12, 2014

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်၊ ထွက်ဂိတ် ရှစ်ခုရှိပြီး အိမ်နီးချင်းငါးနိုင်ငံအနက် အများဆုံးဖြစ်ကာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ လုံလင်ခရိုင်အကြား သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။



နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က နေပြည်တော်တွင် နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်၏မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က “တရုတ်-မြန်မာ နယ်စပ် တိန်ရန်တုကူးတို့ဆိပ်နေရာတွင် စစ်ဆေးရေး စခန်းဖွင့် လှစ်ရန်နှင့် သံလွင်မြစ် ကူး တံတား တည်ဆောက်ရန် အစီအစဉ် ရှိမရှိ” ကို မေးမြန်း ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က “ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ခွဲနှင့် တရုတ်နိုင်ငံ လုံလင်ခရိုင်အကြား သံလွင်မြစ်ကူးတံတားဆောက်လုပ်ရန် တရုတ်ဘက်မှ တံတားအရှည် ၁၅၅ မီတာ၊ ယာဉ်သွားလမ်း ၇ မီတာ၊ လူသွားလမ်း တစ်ဖက်လျှင် ၁ဝ မီတာအကျယ်နှင့် သံမဏိသံပေါင်အမျိုးအစား တံတားဆောက်လုပ်ရန် တရုတ်ဘက်မှ အဆိုပြုထားပြီး တံတား တည်ဆောက်ပြီးစီး ပါက နှစ်ဖက်ဝင်ထွက်နိုင်ရန် စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ရန်ရှိသည်ဟု သိရှိရပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်ဝင်ထွက်ဂိတ် စုစုပေါင်းရှစ်ခုရှိပြီး အိမ်နီးချင်းငါးနိုင်ငံအနက် အများဆုံးဖြစ်ကာ နယ်စပ်ဝင်ထွက်ဂိတ်များ အသစ်ဖွင့်လှစ်ရာတွင် လုံခြုံရေး၊ ကုန်သွယ်မှုအလားအလာနှင့် ဒေသဖွံ့ဖြိုးရေး စသည့်အချက်များကို ခြုံငုံသုံးသပ်ပြီးမှသာ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဆိုသည်။

မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅ အနီး ရန်လုံကျိုင်းတွင် နယ်စပ်ဝင်ထွက်ဂိတ်ခွဲတစ်ခု ဖွင့်လှစ်ရန်နှင့် မော်ထိုက်မြို့နယ်ခွဲ တိန်ရန်တုတွင် နှစ်နိုင်ငံ သံလွင်မြစ်ကူးတံတား ဆောက်လုပ်ရန်နှင့် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ရန်ကိစ္စများမှာ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ချောမောစေရေးတို့အတွက် အထောက်အကူပြုပြီး ယင်းကိစ္စရပ်များသည် သက်ဆိုင်ရာဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဖြစ် နယ်စပ်ဒေသ လုံခြုံရေးကိစ္စရပ်များပါ ပါဝင်နေသည့်အတွက် ၂ဝ၁၄ ခုနှစ် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် တိုင်းရင်းသားရေးရာနှင့် ပြည်သူ့ရေးရာကော်မတီ အစည်းအဝေးတွင် ယင်းကိစ္စများကို ရှမ်းပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆွေးနွေးခဲ့ရာတွင် သက်ဆိုင်ရာနယ်မြေအတွင်း ရန်လုံကျိုင်းဒေသတွင် နယ်စပ်ဝင်ထွက်ဂိတ်ရှိနေပြီး လက်ရှိနယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေများကြောင့် ကုန်ကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ်ခွဲရှိ တိန်ရန်တုတွင် သံလွင်မြစ်ကျော် တံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် နှစ်ဖက်စစ်ဆေးရေးဂိတ်များ ဆောင်ရွက်ပေးရန်ကိစ္စမှာ နိုင်ငံတော်၏ ရေရှည် အမျိုးသားအကျိုးစီးပွား အတွက် လက်ရှိအခြေအနေတွင် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုဝန်ကြီး ဦးတင်ဦးလွင်က ဆိုသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝဝ၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် အရေးအခင်းပြီး နောက်ပိုင်း၌ လောင်းကစားမှုနှင့် တရားဝင်မဟုတ်သည့် စီးပွားရေးလုပ်ငန်းနှိမ်နင်းရေး အပါအဝင် ယင်းဒေသအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရမှ ဆက်လက်၍ ကြိုးပမ်းဆောင် ရွက်လျက် ရှိရာ အဆိုပါဒေသရှိ လက်ရှိရှိပြီးသော နယ်စပ်ဂိတ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုများကို ဦးစွာပထမ နိုင်နင်းစွာဆောင်ရွက်ပြီးမှသာ နှစ်နိုင်ငံအကြား နယ်စပ်ဝင်ထွက်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရန်နှင့် နယ်စပ်ဂိတ်များ၊ တံတားများဖွင့်လှစ် တည်ဆောက် ရာတွင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို အလေးပေးထည့်သွင်း စဉ်းစား ဆောင်ရွက်ရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment