Friday, November 14, 2014

အာဆီယံ အစည်းအဝေးပြီးဆုံး

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီဘိုလာ ရောဂါအကြောင်း၊ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့်နှစ် အာဆီယံ အစည်းအဝေးကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ရှိတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် Najib Razak ကို ဥက္ကဌရာထူး လွဲအပ်လိုက်ပြီ ဖြစ်ပါတယ်။



ကန်အစိုးရက မြန်မာပြုပြင်ပြောင်းလဲမှုအပေါ် အကောင်းမြင်

အမေရိကန် သမ္မတ ဘာရက်အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆီကို ဦးတည်နေတဲ့ လမ်းစဉ်က မှန်ကန်တယ်လို့ ပြောဆိုပြီး အကောင်းမြင်ကြောင်း ပြောသွားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုတာ ခက်ခဲပြီး အမြဲတမ်း မချောမွေ့နိုင်ဘူးဆိုတာကိုလည်း သိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း လူနည်းစုတွေအပေါ် ထားရှိတဲ့ ဆက်ဆံရေး၊ တိုင်းရင်းသား ပြဿနာတွေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာတော့ စိုးရိမ်နေဆဲပဲလို့ ပြောပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားဟာ မြန်မာ လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နိုင်ငံရေးမှာ စစ်တပ်က ပါဝင်နေတာကို လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေးတွေ ရရှိဖို့က အရေးကြီးကြောင်း ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ အမေရိကန် သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဂျပန်နဲ့ ကန်တို့ မြန်မာ အလုပ်သမား ဥပဒေမှာ ကူညီမယ်

ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေမှာ တိုးတက်မှုတွေရှိအောင် လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ အကူအညီနဲ့ အမေရိကန်၊ ဂျပန်တို့က အကူအညီပေးသွားဖို့ရှိပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ လွယ်ကူအောင် အလုပ်သမား ဥပဒေကို သုံးနှစ်ကနေ ငါးနှစ်အတွင်း ရေးဆွဲကြမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ဒိန်းမတ်နဲ့ တခြား ဥရောပနိုင်ငံတွေကလည်း ကူညီဖို့ ကမ်းလှမ်းထားပြီး ဒီအလုပ်သမား ဥပဒေ ထွက်ပေါ်လာရင် အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာတွေ နည်းပါးပြီး အလုပ်သမား အခွင့်အရေးတွေ ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment