Monday, December 15, 2014

နယူးယောက်တွင် လမ်းမများကို ပိတ်၍ လူ ၂၅၀၀၀ ကျော် ဆန္ဒပြ

လူဖြူရဲများက လူမည်းများကို သတ်မှုဖြစ်ခဲ့ပြီး တရားရေးအရ အရေးယူခြင်း မရှိသည့်အပေါ်တွင် မကျေနပ်ကြသော ဆန္ဒပြပွဲများ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားလျက်ရှိရာ နယူးယောက် မြို့တော်၌ လမ်းမများကိုပိတ်ပြီး လူပေါင်း နှစ်သောင်းခွဲကျော် ဆန္ဒပြကြပြီးနောက် အခြားမြို့ကြီးများတွင်လည်း အလားတူ အုံလိုက်ကျင်းလိုက် တောင်းဆိုမှုများ ဖြစ်နေသည်ဟု AFP သတင်းတစ်ရပ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် လူမည်းလူငယ်လေး မိုက်ကယ်ဘရောင်းကို ရဲက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက်တွင် တရားရုံးက ရာဇဝတ်မှု မမြောက်ကြောင်း ဆုံးဖြတ်လိုက်ပြီးသည့်နောက် အဆိုပါ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကလေးခြောက်ယောက် ဖခင် လူမည်းအမျိုးသားကြီး အဲရစ်ဂါနာကို လူဖြူရဲတစ်ဦးက လည်ပင်းညှစ်သတ်ခဲ့သည့် ဖြစ်ရပ်ကိုလည်း တရားရုံးက အရေးမယူရန် ဆုံးဖြတ်ခဲ့ကြသည်။
မြို့တော်ဝါရှင်တန်၊ စီးပွားရေး အချက်အချာ နယူးယောက်၊ ဘော့စတွန်နှင့် အခြားကယ်လီဖိုးနီးယား မြို့တော်များတွင်လည်း လူအုပ်လိုက်ကြီး ဆန္ဒပြမှုများ ဖြစ်လျက်ရှိသည်။

လူပင်လယ်ကြီးက မက်ဟက်တန်နှင့် ဝါရှင်တန်၏ ပင်ဆယ်ဗေးနီးယား ရပ်ကွက်တွင် ပြည့်သွားခဲ့ပြီး “တရားမျှတမှု မရှိလျှင်၊ ငြိမ်းချမ်းမှုမရှိ”၊ “တရားမျှတမှု ချက်ချင်းပေး” နှင့် “စနစ်တစ်ခုလုံး အပြစ်ရှိတယ်” စသဖြင့် အော်ဟစ် ကန့်ကွက်နေကြသည်။
နယူးယောက်တွင် လူပေါင်း နှစ်သောင်းခွဲကျော် ဆန္ဒပြခဲ့သည်ဟု ရဲတပ်ဖွဲ့က ကြေညာထားပြီး ဆန္ဒပြပွဲ စီစဉ်သူများက လူငါးသောင်းခန့် ပါဝင်ဆန္ဒပြကြသည်ဟု ပြောဆိုထားသည်။
ကန့်ကွက်ဆန္ဒပြသူများမှာ လူမည်းနှင့် လူဖြူများ ရောနှောလျက်ရှိပြီး လူငယ်များ၊ မိသားစုလိုက်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်။
ရဲကြောင့် သေဆုံးခဲ့ရသူများ ဖြစ်သည့် အသက် ၁၂ နှစ်အရွယ် တာမီရာရိုက်စ်၊ ၂၀၁၂ ခုနှစ်က အသတ်ခံခဲ့ရသော ထရေဗွန်မာတင် စသည်တို့၏ ကျန်ရစ်သူ ဆွေမျိုးများလည်း ဝါရှင်တန် ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။
ဆန္ဒပြရာနေရာကို ရောက်ရှိလာသည့် အဲရစ်ဂါနာ၏ ဇနီးဖြစ်သူ အီဆောဂါနာက “ကျွန်မ ဒီမှာ ချီတက်ဆန္ဒပြတာ အဲရစ်ဂါနာအတွက် မဟုတ်ပါဘူး။ သားတိုင်း၊ သမီးတိုင်း၊ တူ၊ တူမတိုင်းနဲ့ မိခင် ဖခင်တိုင်း အတွက်ပါ” ဟု ပြောကြားခဲ့သည်။
ဥပဒေပြုအမတ်များက ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကို တုံ့ပြန်လာသည့် အချိန်အထိ ဆက်လက် ဆန္ဒပြနေမည် ဖြစ်ကြောင်း ဂါနာ၏ မိခင်ဖြစ်သူကလည်း ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment