Wednesday, December 3, 2014

အိန္ဒိယပေါက်ကွဲမှုနှင့် ဆက်နွှယ်နေသူ မြန်မာသုံးဦး ဖမ်းဆီးခံရ

နယူးဒေလီ- ဘာဒ်ဝန်ပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား သုံးဦးကို ဘင်္ဂလားဒေ့ရှ်အာဏာ ပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံနယ်စပ်တွင် JMB အကြမ်းဖက်သမား တစ်ရာကျော် ကိုဖမ်းဆီးနိုင်ရေးအတွက် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့က အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်၌ ယခုကဲ့သို့ မြန်မာသုံးဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် မြန်မာအခြေစိုက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒါကာမြို့ ဒုတိယကော်မရှင်နာ ခရှစ်ရှနာပါဒါရွိုင်က ယနေ့တွင်ပြောသည်။



ဖောက်ခွဲသည့် စနက်တံ ငါးခု၊ ဗုံးလုပ်သည့် ပစ္စည်းများနှင့်ကီလိုငါးရာရှိ ပေါက်ကွဲ ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း၊ ယင်းဖမ်းဆီးမှုကို အိန္ဒိယနှင့်ထောက်လှမ်းရေးအချက်အလက်များ ဖလှယ်ပြီးသည့်နောက်ပိုင်း ပြုလုပ်နိုင်ခဲ့ကြောင်း ဖြည့်စွက်ပြောဆိုသွားသည်။

‘‘သူတို့က အိန္ဒိယကို သွားခဲ့ သလား၊ မသွားဘူးလားဆိုတာကို ကျွန်တော်တို့ မသိရဘူး။ ဒါပေမဲ့ သူတို့ဟာ ဘာဒ်ဝန်ပေါက်ကွဲမှုမှာ စွပ်စွဲခံရသူတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်လို့ ကျွန်တော် သံသယရှိထားတယ်’’

အဆိုပါ မြန်မာနိုင်ငံမှ သုံး ဦးသည် RSO အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်နေကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ မာဒါရာဆာတွင် ပညာသင်သည်ဆိုသည်ကို ဟန်ပြထားပြီး မြေအောက်အကြမ်းဖက် လှုပ်ရှားမှုများ လုပ်ဆောင်နေခဲ့ကြောင်း ၎င်းကပြောသည်။

ရဲထောက်လှမ်းရေးဌာနမှ ဒုတိယကော်မရှင် နာဆိုင်ဒါရာ မန်ကလည်း ‘‘သူတို့က ရိုဟင်ဂျာ အကြမ်းဖက်တွေပါ။ သူတို့နဲ့ RSO (Rohingya Solidarity Organisation), ARU (Arakan Rohingya Union) နဲ့ နယ်သာ လန်အခြေစိုက် အင်န်ဂျီအို GlobalRohingya Center (GRC) တွေနဲ့ ပတ်သက်နေပါတယ်’’

ဘာဒ်ဝန် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ခါလစ်မိုဟာမက်က ၎င်းတို့၏ ခေါင်းဆောင်ဖြစ်ကြောင်း သုံးဦးစလုံးက ဖြောင့်ချက်ပေးခဲ့သည်ဟု ဒေးလ်လီးစတား သတင်းစာက ဖော်ပြသည်။

ယနေ့ အစောပိုင်းတွင် ဒါကာမြို့တော် ရဲအဖွဲ့ကလည်း ဖမ်းဆီးရမိသူ သုံးဦးသည် မတရားသင်း ကြေညာခံထားရသည့် ဂျမာတူးမူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) နှင့် ဆက်နွှယ်နေကြောင်း သတင်းမီဒီယာအား ပြောဆိုသည်။

ဖမ်းဆီးခံရသူ သုံးဦးသည် နိုဟူစိန်(ခေါ်)ရာဖစ်ကူအစ္စလာမ် (၂၆)နှစ်၊ ရာဆာအာရဖတ်(၂၂) နှစ်နှင့် အူမာကာရင် (၂၅)နှစ်တို့ဖြစ်ပြီး ဒါကာရှိလာဘာရပ်ကွက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က အိန္ဒိယနိုင်ငံ အနောက် ဘင်ဂါရှိဘာဒ်ဝန်မှ နေအိမ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာတွင် JMB အဖွဲ့ဝင်ဟု ယူဆရသူ နှစ်ဦးကို အသေဖမ်းမိပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။ အိန္ဒိယတွင် ဖောက်ခွဲရေး လုပ်ပြီးနောက်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူများကို ယခုအခါ သဲသဲမဲမဲလိုက်လံရှာဖွေ နေသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ရဲ အာဏာပိုင်များ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးကာ နယ်စပ်တစ်လျှောက် လှုပ်ရှားနေသော JMB အဖွဲ့ဝင် တစ်ရာကျော် ဖမ်းဆီးရမိရေးဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် ဘင်္ဂလား ဒေ့ရှ်ရှိ ရဲအာဏာပိုင်များက JMB အဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးရမိခဲ့ရာ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်နှင့် ဘာဒ်ဝန်ပေါက်ကွဲမှု၌ အဓိကတာဝန်ရှိသူ၏ ဇနီးလည်း ပါဝင်ခဲ့ သည်။

ကိုးကား- အိန္ဒိယ
7Day Daily

No comments:

Post a Comment