Friday, December 12, 2014

ခြောက်လအတွင်း အလုပ်သမားများ၏အကျိုးခံစားခွင့် ကျပ် ၆၁၂ သန်းကျော်အသုံးပြုခဲ့ဟုဆို

လူမှုဖူလုံရေးဥပဒေ အသစ်စတင်ကျင့်သုံးသည့် ခြောက်လအတွင်း အလုပ်သမား အကျိုးခံစားခွင့်အတွက် ကျပ် ၆၁၂ သန်းကျော်အသုံးပြုထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်းမော်ထွန်းက ပြောသည်။

‘‘ဥပဒေအသစ်ကိုစတင်ပြီး ခြောက်လအတွင်း မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်ခွင် ထိခိုက်မှုနဲ့ ဆေးဖိုးပြန်အမ်းငွေ များအဖြစ် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပြုခဲ့တာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးကပြော သည်။



အထက်ပါငွေပမာဏမှာ လူမှုဖူလုံရေးဥပဒေအသစ်စတင် ကျင့်သုံးခဲ့သော ဧပြီမှစက်တင်ဘာအတွင်း သုံးစွဲခဲ့သည်ဟု ဆိုသည်။ အာမခံလုပ်သားများ ယုံကြည်မှုရရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြံပြုချက်၊ နည်းပညာများ ရယူပြီး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် နယ်လှည့်ဆေးကုသယာဉ်များနှင့် ကုသပေးနေပြီး ပုဂ္ဂလိကဆေးရုံများတွင်လည်း ကုသနိုင်ရန်စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရ သည်။

‘‘ဒီဥပဒေအသစ်မှာ ထည့် ဝင်ကြေးပိုထည့်လိုက်ရတယ်။ ခံစားခွင့်တွေလည်းကောင်းလာ တယ်။ ဒါပေမဲ့ သူတို့ပြောထားတဲ့ ကျန်းမာရေးစောင့်ရှောက်တာ တွေနဲ့ တခြားဟာတွေကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးစေချင် တယ်’’ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းတစ်ဦးကဆိုသည်။

လုပ်ငန်းခွင်ထိခိုက်မှုအကျိုး ခံစားခွင့်အာမခံစနစ်တွင် ငါးနှစ် နှင့်အထက်ပေးသွင်းပါက ပျမ်းမျှ လုပ်ခ၏ ၃၀ ဆ၊ ငါးနှစ်အထက် မှ ၁၀ နှစ်အထိပေးသွင်းပါက လုပ်ခ၏ ၅၀ ဆ၊ ၁၀ နှစ်အထက်မှ နှစ်၂၀ ကြားပေးသွင်းပါက လုပ်ခ၏ ၆၀ ဆ၊ ၂၀ နှစ်နှင့် အထက်ပေးသွင်းပါက လုပ်ခ၏ ၈၀ ဆရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးဥပဒေသစ်တွင်ပါရှိသည်။

7Day Daily

No comments:

Post a Comment