Thursday, December 11, 2014

ဖွံ့ဖြိုးရေးဂျာနယ် သတင်းထောက်ကို ရိုက်နှက်မှု သုံးရက်အတွင်း တောင်းပန်ရမည်ဟုဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Journal ၏ သတင်းထောက်တစ်ဦးကို ဆိပ်ကမ်းအာဏာပိုင် ရုံးမှ လုံခြုံရေးက ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သုံးရက်အတွင်း တောင်းပန်ရန် အကြောင်းကြားထားကြောင်း အဆိုပါဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမိုးဇော်မြင့်က ပြောကြားသည်။

သတင်းယူရန်သွားစဉ် Development Journal သတင်းထောက် ဦးကျော်လင်းက မီဒီယာကျင့်ဝတ်နှင့် မညီသည့် အချက်များကို ပြုမူခြင်း မရှိခဲ့သဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း တောင်းပန်ခြင်းမရှိပါက ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားကာ ယင်းကိစ္စကို ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုသည်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် သောင်တူးယူမှု သတင်းရယူရန် ဒီဇင်ဘာ ၃ ရက်နေ့က ဆိပ်ကမ်းအာဏာပိုင် ရုံးသို့ သွားရောက်ခဲ့စဉ် အဆိုပါရုံးမှ လုံခြုံရေးများက ဝင်ခွင့်မပြုခဲ့ကြောင်း၊ သို့သော်လည်း သတင်းထောက်က ရုံးအတွင်းသို့ ဝင်ရောက်ခဲ့ကာ ပြည်နယ်ဆိပ်ကမ်း အရာရှိနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး အပြန်တွင် ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ဦးမိုးဇော်မြင့်က ဆိုသည်။
“ကျွန်တော်တို့ သတင်းထောက်ကို ထိုးကြိတ်တာထက် မီဒီယာ လွတ်လပ်မှုကို ခြိမ်းခြောက်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရိုက်နှက်မှု ဖြစ်ပွားသည့်နေ့က ဆိပ်ကမ်းအာဏာပိုင် ရုံးတွင် အစည်းအဝေး ကျင်းပနေသဖြင့် လုံခြုံရေးများက သတင်းထောက်နှစ်ဦးကို ဝင်ခွင့်မပေးခဲ့ဘဲ အစည်းအဝေး ပြီးမှသာ ဝင်ရောက်ရန် တားမြစ်ခဲ့ကြောင်း ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးက ပြောကြားသည်။

သို့သော်လည်း အစည်းအဝေး ပြီးချိန်တွင်
Development Journal နှင့် RFA တို့မှ သတင်းထောက်နှစ်ဦးကို တွေ့သဖြင့် ၎င်းတို့ မေးမြန်းမှုများကို ပြန်လည်ဖြေပေးခဲ့ကြောင်း ၎င်းငကဆိုသည်။

သတင်းထောက်များ ပြန်အထွက်တွင် လုံခြုံရေးများနှင့် စကားများ၍ သတင်းထောက်က ဓာတ်ပုံမှတ်တမ်းတင်ရန် ပြုလုပ်ရာမှာ တွန်းတိုက်မှုများ ဖြစ်ကာ လုံခြုံရေးဝန်ထမ်း ပေါင်ပေါင်ဆိုသူ၏ ဖုန်းပြုတ်ကျရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောကြားသည်။
“ကျွန်တော့်တပည့်ကို ဝန်ထမ်းစည်းကမ်းအရ အရေးယူမယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဦးမိုးဇော်မြင့်ကမူ ရုံးအတွင်းသို့ ဝင်ရောက်ရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သည်ဟု ဆိုကာ ပြန်အထွက်တွင် လုံခြုံရေးများက ရီကော်တာ အပါအဝင် စာရွက်စာတမ်းများကို စစ်ဆေးမည်ဟု ပြောဆိုမှုကို လက်မခံသဖြင့် ၎င်းအား ဆဲဆိုခဲ့သည့်အပြင် ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

Delopment Journal က ပေးပို့ထားသည့် အကြောင်းကြားစာတွင် တောင်းပန်ရန်ဟု ရေးသားထားခြင်း မရှိဘဲ အရေးယူပေးရန်ဟုသာ ပါရှိကြောင်း ဦးထွန်းဌေးက ဆိုသည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment