Tuesday, December 9, 2014

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာစောင့်ကို လူငယ်တစ်ဦး ငှက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူနာများ လာရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ကုသဆောင် နံပါတ် ၁/၂ တွင် အသက် ၃၆ နှစ်အရွယ်ရှိ လူနာစောင့် အမျိုးသမီးကို လူငယ်တစ်ဦးက ဌက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်ခဲ့ကြောင်း လသာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။



သာကေတမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်လေးလေးမြင့်မှာ ခင်ပွန်းဖြစ်သူ အသည်းရောင်ရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသောကြောင့် လူနာစောင့်အဖြစ် လိုက်လံ စောင့်ရှောက်ခဲ့ကြောင်း၊ ယင်းနေ့က ခင်ပွန်း၏ ပထမ အိမ်ထောင်ဖြင့် ရရှိခဲ့သော သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုငြိမ်းသူအောင် ဆေးရုံသို့ ရောက်ရှိလာပြီး ၎င်းကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခဲ့သောကြောင့် ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဆေးရုံဂိတ်ဝမှာက အစောင့်ရှိပေမယ့် အထဲမှာက သန့်ရှင်းရေး ဝန်ထမ်းလောက်ပဲ ရှိတယ်။ ဓားကိုင်ပြီး ဆေးရုံထဲ ဝင်လာတာကို မတွေ့လိုက်ပေမယ့် သူ့မိထွေးကို ဓားနဲ့ခုတ်တဲ့အချိန် ဆေးရုံထဲမှာရှိတဲ့ သူတွေက အော်ဟစ်သံကြားမိလို့ အစောင့်တွေက ပြေးလာချိန်မှာ ဓားနဲ့ ဝင်ခုတ်သူက ထွက်ပြေးသွားတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ငှက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်စဉ် ဓားဖြင့် အခုတ်ခံရသူက ခုတင်အောက်သို့ ဝင်ပုန်းခဲ့သော်လည်း ဘယ်ဘက်လက်မောင်းကို ထိခဲ့သောကြောင့် အရိုးဌာနတွင် ဆေးကုသမှု ခံယူနေရကြောင်း လသာမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ဓားဖြင့်ခုတ်ခဲ့သူ အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်နေသောကြောင့် ဖမ်းဆီးရမိရေးအတွက် ရဲစခန်းမှ (ပ) ၄၄၃/ ၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment