Tuesday, December 9, 2014
ကုန်ဈေးနှုန်း တက်လာ၍ ပြည်သူများ အခက်တွေ့
နိုဝင်ဘာ ဒုတိယပတ်က ၀န်ထမ်းများ လစာတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်း ခဲ့ပြီးနောက် ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များ အပါအ၀င် ကုန်ပစ္စည်းများ တဖြည်းဖြည်း ဈေးတက်လာခဲ့သည်။
အောက်တိုဘာအတွင်း တရိပ်ရိပ်တက်လာသော အမေရိကန်ဒေါ်လာဈေးကွက်မှာလည်း ပြည်ပသွင်းကုန်များ၏ ဈေးနှုန်း တန်ဖိုးကို မြင့်တက်စေခဲ့သည်။
‘‘အသားငါးဈေးက မထင်လောက်အောင် တက်နေတာ။ ကုန်စိမ်းတွေပါ ဈေးတက်နေတော့ ကျွန်မတို့လို လခစားကုမ္ပဏီဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ’’ ဟု မြောက်ဥက္ကလာပမှ မကေသီက ပြောသည်။
ယခင်လက ဈေးဝယ်လျှင် ငွေသုံးထောင်ကျပ်မှာ မိသားစု သုံးယောက်အတွက် လုံလောက် နိုင်သော်လည်း ကုန်ဈေးတက် လာပြီးနောက် ငွေသုံးထောင် ကျပ်မှာ မိသားစုနေ့လယ်စာအတွက်ပင် ဖူလုံရန်မလွယ်ကူနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
‘‘ရာသီဥတုကြောင့် သီးနှံတွေမထွက်တဲ့အပြင် လစာတိုးမယ် သတင်းလည်းကြားရော ဈေးတက်တယ်။ ကန်စွန်းရွက်တစ်စည်း သုံးရာရောင်းမှ ကိုက်တယ်’’ဟု မြောက်ဥက္ကလာပဈေး မှ ဒေါ်စန်းမြင့်က ပြောသည်။
ရောင်းအားကောင်းခဲ့သော ငါးသလောက်နှင့် ငါးကြင်းများမှာ ယခင်ကထက် ၅ ရာခိုင်နှုန်း ဈေးတက်လာပြီး ရောင်းရနှုန်းမှာလည်း လျော့နည်းသွားသည်ဟု မြောက်ဥက္ကလာပ ‘‘ခ’’ဈေးမှ  ငါးသည် ဒေါ်မေရီက ပြောသည်။
‘‘အသားတုကလွဲရင် ကျန်တဲ့အသား အကုန်ဈေးတက်တယ်’’ဟု ၀က်သားနှင့် အမဲသားတွဲရောင်းသူ ရတနာသိင်္ဂီဈေးမှ ဦးမြဝေက ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၀န်ထမ်းလစာကို နှစ်ကြိမ်တိုးမြှင့်ပေးခဲ့သော်လည်း တိုးလာသည့် လစာမှာ နိုင်ငံ့ဝန်ထမ်းများအတွက် လောက်ငမှုအတွက် မေးခွန်းများရှိခဲ့ပြီး ကုန်စိမ်းနှုန်း တစ်ဟုန်ထိုးတက်လာခြင်းမှာမူ အသေအချာဖြစ်ခဲ့သည်။
‘‘ကုန်ဈေးနှုန်း တက်တိုင်း လစာတိုးတာ မဟုတ်ပေမယ့် လစာတိုးတိုင်းတော့ ကုန်ဈေးနှုန်းတက်တယ်။ ၀န်ထမ်းတွေက လစာတိုးပေးရင် ပြည်တွင်းကျပ်ငွေ နဲ့ တိုးပေးတာ ဒေါ်လာနဲ့ ပေးတာမှမဟုတ်တာ’’ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက မှတ်ချက်ပေးသည်။
ယခင်စစ်အစိုးရလက်ထက် တွင် ကုန်ဈေးတက်လာမှုကို ဖြေ ရှင်းရန် အခွန်လွတ်ဈေးများ တည်ဆောက်ပေးခဲ့သော်လည်း အစိုးရ ၀န်ကြီးများ အရာရှိများလာသည့် အချိန်တွင်သာ ဈေးနှုန်းကို လျှော့ ချရောင်းလေ့ရှိပြီး အရာရှိကြီးများ ပြန်သွားချိန်တွင် ပုံမှန်သာရောင်းချခဲ့သည်။
‘‘အခွန်လွတ်ဈေးဆိုတာကလည်း အစိုးရရဲ့ ကုန်ဈေးနှုန်းကျ အောင်လုပ်တယ်လို့ ပြောတဲ့ ဟန်ပြစီမံကိန်းတစ်ခုပဲ’’ဟု အငြိမ်းစားမူလတန်းကျောင်းအုပ်ဆရာကြီး ဦးကျော်တင့်က ပြောသည်။
ပြည်ပ တင်သွင်းမှုကိုသာ အဓိက အားထားနေရသော ဆေးဝါးဈေးကွက်မှာ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ဈေးတက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူက ပြောသည်။ ဒေါ်လာဈေးတက်သည့်အချိန်မှာ တက်လာခဲ့သော အိုင်တီပစ္စည်းများမှာလည်း ဈေးတက်လျက်ရှိကြောင်း Technoland ဆိုင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဝန်ထမ်းများလစာတိုးသည် နှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းမှာ မဆလအစိုးရလက်ထက်ကတည်းက အစဉ်အလာတစ်ရပ်ဖြစ်ပြီး အစိုးရ၏ ဘတ်ဂျက်လိုငွေပြနေချိန်တွင် ၀န်ထမ်းလစာထပ်တိုးရန် စီစဉ်မှုသည် ပြည်သူများ၏ ၀န်ဆောင်စရိတ်ကို မြင့်တက်စေမည် ဖြစ်သည်။
ဘဏ္ဍာရေး ၀န်ကြီးဌာနမှလည်း ၀န်ထမ်းများလစာတိုးရာတွင် ကြုံတွေ့ရမည့် ငွေကြေးဖောင်းပွမှုနှင့် စားဝတ်နေရေးကုန်ကျ စရိတ်တို့ကို စဉ်းစားသုံးသပ်နေ ကြောင်းနှင့် ပြည်သူအပေါ် ထိခိုက် နစ်နာမှုကို ထည့်သွင်းစဉ်းစားသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
7Day သတင်းဌာနက ရန်ကုန်မြို့ ဈေးငါးဈေးတွင် ကောက်ယူခဲ့သော စာရင်းများအရ ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် ၃၀၀ ကျပ် ခန့်၊ စားအုန်းဆီ တစ်ပိသာလျှင် ၂၀၀ ကျပ်ခန့်၊ ၀က်သားတစ်ပိသာလျှင် ၂,၀၀၀ ခန့်၊ အမဲသား တစ်ပိသာလျှင် ၁,၅၀၀ ကျပ်ခန့် မြင့်တက်လာသည်။
7 Day Daily
No comments:
Post a Comment