Tuesday, December 23, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့မည် မဟုတ်ဘဲ ယခုအစိုးရ လက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ညစာစားပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လာမည့် ဇန်နဝါရီလအတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီလ အတွင်းတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ယခု လောလောဆယ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT နှင့် အစိုးရအကြား ညှိနှိုင်းနေသာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် နှစ်ဖက်သဘောထား မတိုက်ဆိုင်သည့် အချက်ရှစ်ချက် ရှိနေသေးသော်လည်း မကြာမီ အချိန်အတွင်း ပြေလည်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းစဉ်တွင် အခက်အခဲအချို့ ရှိခဲ့သော်လည်း ဇန်နဝါရီလ အတွင်းတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် NCCT ကိုယ်စားလှယ်များနှင့် အစိုးရတို့အကြား ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆွေးနွေးပွဲများ၌ နိုင်ငံတကာ အသိသက်သေ ပါဝင်ခွင့်အတွက် ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောဆိုသည်။

သို့သော် အဆိုပါ တောင်းဆိုချက်ကို ဆွေးနွေးပွဲ ဒုတိယနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ (ယနေ့) တွင်သာ UPWC ထံ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပထမနေ့ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ ကိစ္စရပ်များကိုသာ သီးခြားဆွေးနွေးခဲ့ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။

ထို့အပြင် သုံးလနီးပါး ရပ်ဆိုင်းခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ဇန်နဝါရီလအတွင်း ပြန်စရန် နှစ်ဖက် အကြိုသဘောတူထားပြီး သက်ဆိုင်ရာ ခေါင်းဆောင်အဆင့်ဆင့်ထံ အတည်ပြုချက် ရယူလုပ်ဆောင်သွားမည် ဖြစ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် လိုင်ဇာအနီး စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အပါအဝင် အပစ်ရပ်စာချုပ် ပြင်ပကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment