Wednesday, December 17, 2014

နှစ်ပေါင်း ၂၀ ကျော် ရပ်ထားခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့် စာမေးပွဲများ၏ အကြိုလေ့ကျင့်စစ်ဆေးမှု ဒီဇင်ဘာ ၁၆ ရက်နေ့ စတင်

Photo: နှစ်ပေါင်း ၂၀ ကျော် ရပ်ထားခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့် စာမေးပွဲများ၏ အကြိုလေ့ကျင့်စစ်ဆေးမှု ဒီဇင်ဘာ ၁၆ ရက်နေ့ စတင်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲတော့မည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ အကြိုလေ့ကျင့် စစ်ဆေးမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒီဇင်ဘာ ၁၆ ရက်တွင် စတင်စစ်ဆေးခဲ့သည်။

အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်နှင့် တိုင်းနှင့်ပြည်နယ် အဆင့်များအား ခရိုင်နှင့် တိုင်းနှင့်ပြည်နယ် အဆင့်ဖြင့် စစ်ဆေးမှုများ ယခင်က ရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ် ၀န်းကျင်ကြာမှသာ ယခုကဲ့သို့ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ စတုတ္ထတန်းအား ခရိုင်အဆင့်၊ အဋ္ဌမတန်းအား တိုင်းနှင့် ပြည်နယ်အဆင့်ဖြင့် စာမေးပွဲများအဖြစ် ပြောင်းလဲမည်ဖြစ်သည့်အတွက် စာမေးပွဲမေးခွန်း ပုံစံများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ယခုကဲ့သို့ အကြိုစစ်ဆေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“လေးတန်းကို ခရိုင်စစ်နဲ့ ရှစ်တန်းကို တိုင်းနဲ့ပြည်နယ်စစ် စာမေးပွဲတွေ ပြုလုပ်ဖို့ကို ဆွေးနွေးညှိနှိုင်း ရရှိထားပါတယ်။ ကလေးတွေကို လေးတန်း၊ ရှစ်တန်းရောက်မှ အရည်အသွေးတွေကို စစ်ချပစ်လိုက်လို့ ဒုက္ခရောက်သွားတာမျိုးလည်း မဖြစ်ရအောင် ကလေးတွေရဲ့ တတ်မြောက်မှုကို စိစစ်တတ်ဖို့ မေးခွန်းထုတ်ခြင်း အတတ်ပညာတွေကို လေ့ကျင့်သင်ကြားပေးဖို့၊ ဘယ်လိုပုံစံမျိုး သင်ကြားမလဲဆိုပြီး ဆွေးနွေးဖို့အတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့မယ်။ မေးခွန်းထုတ်ခြင်း အတတ်ပညာနဲ့ ပတ်သက်ပြီး ပါရဂူဘွဲ့ရထားတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ ဘယ်လိုမေးခွန်းတွေ ထုတ်သင့်တယ်။ မေးခွန်းတွေရဲ့ အဆင့်အတန်း ဘယ်လိုရှိသင့်တယ် ဆိုတာကိုလည်း ပညာရှင်အဖွဲ့ကနေ စိစစ်ပေးမှာပါ။ မေးခွန်းထုတ်တတ်အောင်လည်း ဆရာ၊ ဆရာမတွေကို လေ့ကျင့်ပေးထားပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ စတုတ္ထတန်းအား ခရိုင်အဆင့်၊ အဋ္ဌမတန်းအား တိုင်းနှင့်ပြည်နယ်အဆင့်ဖြင့် စာမေးပွဲများအဖြစ် ပြောင်းလဲမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ပညာအသိုင်းအ၀ိုင်း၏ ဝေဖန်မှုများလည်း ရှိနေခဲ့သည်။    

“ဒီလို စာမေးပွဲပုံစံစနစ်ကြီး ပြောင်းသွားမှာကိုတော့ မကြိုက်ပါဘူး။ သဘောလည်း မကျပါဘူး။ လွတ်လပ်တဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့စနစ်ကို သွားနေတယ်ဆိုတဲ့ အချိန်မှာ အခုလိုမျိုး စာမေးပွဲပုံစံ စနစ်က အခြေခံပညာကို ဗဟိုကနေ ထိန်းချုပ်လိုက်တယ်လို့ပဲ ထင်ပါတယ်။ နိုင်ငံရေးသဘောနဲ့ ပြောရရင် ဗဟိုချုပ်ကိုင်မှုစနစ်ကို သွားနေတယ်။ ခေတ်နောက်ပြန် သွားနေတယ်လို့ပဲ မြင်ပါတယ်။ အမှန်တော့ ကျောင်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခိုင်းသင့်တယ်။ စာမေးပွဲ မေးခွန်းတွေကိုလည်း ကိုယ့်ကျောင်းနဲ့ကိုယ်ထုတ်ပြီး စစ်ဆေးခိုင်းဖို့ သင့်တယ်။ ကိုယ့်ကျောင်းနဲ့ကိုယ် တိုးတက်အောင် လွတ်လွတ်လပ်လပ် လုပ်ခိုင်းသင့်တယ်။ အခုလိုမျိုး ဗဟိုချုပ်ကိုင်မှုရှိတဲ့ စနစ်မျိုးတွေ မကျင့်သုံးသင့်ဘူး။ ဒါက ပညာရေးကို ခေတ်နောက်ပြန်သွားစေတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု အဆိုပါစနစ်အပေါ် ကျောင်းအုပ်ဆရာကြီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများ အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက “အခုလို မျိုးစာမေးပွဲတွေကို အရင်တုန်းကလိုမျိုး ပြန်လည်စစ်ဆေးမှုကို ကြိုဆိုပါတယ်။ သင်ရိုးအစအဆုံး စစ်ဆေးတဲ့စာမေးပွဲ ဖြစ်တဲ့အတွက် ကလေးတွေရဲ့ ပညာရေးအခွင့် အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အခုလို စစ်ဆေးတာမျိုးကို သူငယ်တန်းကနေစပြီး ဘွဲ့လွန်တွေအထိ အတန်းတိုင်းမှာ ကျင့်သုံးဖို့လိုပါတယ်။ မျိုးဆက်သစ်တွေ လက်ထက်မှာ အတန်းတင်စနစ်နဲ့ အရည်အချင်းမပါတဲ့ ဘွဲ့လက်မှတ်တွေမဖြစ်ဖို့ ဒီစနစ်နဲ့ အရည်အချင်းတွေကို စစ်သွားမှာ ဖြစ်ပါတယ်။ စာမေးပွဲအောင်ဖို့ စာမေးပွဲ စစ်တာထက် အခြားပြဿနာ  အမျိုးမျိုးကို ဖြေရှင်းနိုင်ဖို့ ကျောင်းသားတွေကို ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင်အရည်အချင်းတွေ ရှိလာအောင် သင်ကြားပေးရန်အတွက် ဆရာ၊ ဆရာမတွေမှာလည်း အများကြီး တာဝန်ရှိလာပါတယ်။ ခေတ်နောက်ကျ ကျန်နေခဲ့တဲ့ ပညာရေးကို လမ်းမှန်ပေါ်ရောက်အောင် ပြောင်းလဲဖို့ လုပ်ဆောင်တဲ့နေရာမှာ ခြေလမ်းတစ်ရပ်လို့ မြင်ပါတယ်။ အရင်တုန်းက ကျင့်သုံးခဲ့တဲ့ စနစ်ကို အခုလို ပြန်လည်ကျင့်သုံးတာကို ကြိုဆိုပါတယ်” ဟု သုံးသပ်ပြောကြားသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများအား ခရိုင်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အကြိုလေ့ကျင့်မှု စစ်ဆေးရာတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာစာ၊ ဒီဇင်ဘာ ၁၇ ရက်တွင် အင်္ဂလိပ်စာ၊ ဒီဇင်ဘာ ၁၈ ရက်တွင် သချာင်္၊ ဒီဇင်ဘာ ၁၉ ရက်တွင် အခြေခံသိပ္ပံ/ပထ၀ီဝင်၊ ဒီဇင်ဘာ ၂၂ ရက်တွင် လူမှုရေး/သမိုင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် အထွေထွေသိပ္ပံ စသည့်ဘာသာရပ်များအား စစ်ဆေးသွားမည်ဖြစ်ပြီး စတုတ္ထတန်းစာမေးပွဲအား နံနက် ၉ နာရီမှ ၁၀ နာရီ မိနစ် ၃၀ အထိ လည်းကောင်း၊ အဋ္ဌမတန်းစာမေးပွဲအား နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း ကျင်းပခြင်းဖြစ်သည်။

Eleven Media Group

တာမွေ အ.ထ.က (၃) တွင် ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် စာမေးပွဲများ၏ အကြိုလေ့ကျင့်စစ်ဆေးမှုများ ဖြေဆိုပြီးသည့် ကျောင်းသူကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-သင်းဖြိုး)

No comments:

Post a Comment