Tuesday, December 16, 2014

လုပ်ခလစာ ပြန်လည်တိုးမြှင့်ပေးရန် တောင်းဆိုနေသည့် Bogart အထည်ချုပ်အလုပ်သမားသုံးဦး စက်ရုံပိုင်ကားတစ်စီး တိုက်မိ၍ ဒဏ်ရာရ

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Bogart Lingerie အထည်ချုပ် စက်ရုံမှ လုပ်ခလစာကို လျော့ချလိုက်မှုကြောင့် တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ တောင်းဆိုနေကြသည့် အလုပ်သမားများအနက် အမျိုးသမီး သုံးဦးကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက စက်ရုံပိုင်မော်တော်ကား တစ်စီးမှ တိုက်မိကာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ခဲ့ရကြောင်း သတင်းရရှိသည်။

နေ့စဉ်ကြေးနှင့် ရှားပါးစရိတ် တိုးမြှင့်ပေးရန်အတွက် စက်ရုံအလုပ်သမား ၂ဝဝဝ ကျော်သည် ဒီဇင်ဘာ ၉ ရက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆိုနေကြခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ပြေလည်မှုမရရှိသေးဘဲ ဆက်လက်တောင်းဆိုနေကြကာ စက်ရုံဘက် မှ အလုပ်ခေါ်စာများကို ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။



ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက စက်ရုံဝင်ပေါက်ရှေ့ကို ပိတ်ကာ သပိတ်မှောက်နေကြသည့် ရာပေါင်းများစွာသော အလုပ်သမားများမှ စက်ရုံပိုင်မော်တော်ယာဉ်ကို စက်ရုံထဲသို့ ပေးမဝင်နိုင်ကြောင်း၊ လမ်းဆင်းလျှောက်ပါက သွားနိုင်ကြောင်း တားဆီးထားရာမှ မော်တော်ယာဉ်မောင်းသူက အရှိန်မလျှော့ဘဲ မောင်းနှင်သဖြင့် အလုပ်သမားသုံးဦးကို တိုက်မိခဲ့ကြောင်း စက်ရုံအလုပ်သမားများက ပြောကြားကြသည်။

ထိုသို့ ကားဖြင့်တိုက်မိသဖြင့် စက်ရုံအလုပ်သမားသုံးဦး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။ ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားတစ်ဦးဖြစ်သည့် မမျိုးသန္တာအောင်က “ကျွန်မတို့က အဲဒီကားကို ပေးမဝင်တာ။ လမ်းဆင်းလျှောက်ရင် ရတယ်လို့ပြောတော့ ကျန်တဲ့သူတွေက လမ်းဆင်းလျှောက်တယ်။ ဒရိုင်ဘာက ကားကို အရှိန်လျှော့လိုက် တင်းလိုက်လုပ်နေပြီးမှ ဝင်တိုက်မိတာ။ မနက်က ဆေးရုံကိုသွားပြီး ခုပဲပြန်လာတယ်။ ရဲစခန်းမှာ အမှုသွားဖွင့်ထားတယ်” ဟု ပြောကြားသည်။

အလုပ်သမားများဘက်မှ နေ့စဉ်ကြေးကို ယခင်ရရှိနေသည့် ၆၇ ကျပ်မှ ကျပ် ၃ဝဝ သို့ တိုး၍တောင်းဆိုခဲ့ပြီး ရှားပါးစရိတ်အဖြစ် ကျပ် ၃ဝဝဝဝ ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ သို့သော် စက်ရုံတာဝန်ရှိသူများဘက် မှနေ့စဉ်ကြေးကို အမြင့်ဆုံး ကျပ် ၁ဝဝ အထိ သာပေးနိုင်ပြီး ရှားပါးစရိတ်ကိုမူ မပေးနိုင်ကြောင်း ပြောဆိုခဲ့သည့်အတွက် ညှနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ကာ တောင်းဆိုမှု ခြောက်ရက်မြောက်နေ့တွင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment