Thursday, December 25, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅)မိုင် ယာဉ်ရပ်နားဝင်းရှိ Feel စားသောက် ဆိုင် တွင် ဂက်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုကြောင့် (၁ဝ)ဦးဒဏ်ရာရ

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတစ်ရွာအနီး၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၅)၊ ဖြူးအမြန်လမ်း ယာဉ်ရပ်နားဝင်း အတွင်းရှိ Feel စားသောက်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ယင်းနေ့ ည ၈ နာရီခွဲအချိန် Feel စားသောက်ဆိုင်သို့ လာရောက် ရောင်းချသည့် ဂက်စ် အိုးများအား ဆိုင်ဝန်ထမ်းများက ဆိုင်အတွင်းရှိ ဂက်စ်အိုးများ ထားသည့် နေရာသို့ သယ်ဆောင်စဉ် သန့်စင်ခန်းအနီး အရောက် ဆိုင်အလုပ်သမား ဝင်းကို(၂၇)နှစ် သယ်ဆောင်လာသည့် ဂက်စ်အိုးပြုတ်ကျ ရာမှ ဂက်(စ်)များ ယိုစိမ့်ထွက်ကာ အနီးရှိ မီးဖိုမီးအပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 မီးလောင်မှုကြောင့် Feel စားသောက်ဆိုင်တွင် ရပ်နားနေသော ခရီးသည်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မအိရွှေစင်မြင့်(၃၂)နှစ်၊ ELite ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသော နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်နေ ဒေါ်အေးအေးလှိုင်(၅၈)နှစ်၊ Feel စားသောက်ဆိုင်မှ အလုပ်သမား ဝင်းကို(၂၇)နှစ်၊ မောင်စိုးထက်ကို(၂ဝ)နှစ်၊ မောင်ရဲမင်းပိုင်(၂၁)နှစ်၊ မောင်အောင်မိုးဇော်(၁၈)နှစ်၊ မောင်စောစော ထွေး(၂၁)နှစ်၊ မမြသဇင်လွင်(၁၈)နှစ်၊ မအေးသီတာ(၂ဝ)နှစ်နှင့် မသန်းသန်းလှိုင် (၂၃)နှစ်တို့ ၁ဝ ဦးတွင် မီးလောင်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ဝင်းကိုအား ဖြူးမြို့မရဲစခန်း(ပ)၅၉၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

No comments:

Post a Comment