Thursday, December 25, 2014

ဆီးရီးယားတွင် လေကြောင်း ထိုးစစ်ဆင်နေသော တိုက်လေယာဉ်ကို IS အဖွဲ့ ပစ်ချ၊ လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးထား


အမေရိကန်၏ ဦးဆောင်မှုဖြင့် ဆီးရီးယားမြောက်ပိုင်းတွင် လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိသော တိုက် လေယာဉ် များထဲမှာ တစ်စီးကို အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ Islamic State က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

တိုက်လေယာဉ်ကို ရက်ကာမြို့ အနီးတွင် လေယာဉ်ပစ် ဒုံးကျည်ဖြင့် ပစ်ချပြီးနောက် ဂျော်ဒန်လူမျိုး လေယာဉ် မှူးကို IS အဖွဲ့သားများက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အတည်ပြု ပြောကြားထားသည်။

ရက်ကာမြို့ရှိ IS အဖွဲ့ခွဲသည် လေယာဉ်မှူးကို ၎င်းတို့၏ တပ်သားများက ဖမ်းဆီးထားသည့် ဓာတ်ပုံများကို IS အဖွဲ့၏ အင်တာနက် စာမျက်နှာများတွင် တင်ခဲ့ပြီး ဓာတ်ပုံများ၏ အောက်တွင် လေယာဉ်မှူးသည် ဂျော်ဒန်လူမျိုး ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် IS အဖွဲ့သားများသည် လေယာဉ်မှူး၏ ဝန်ထမ်းကတ်ကိုလည်း ဓာတ်ပုံရိုက်ကာ တင်ထားခဲ့ပြီး ထိုဓာတ်ပုံအရ ဆိုလျှင် လေယာဉ်မှူး၏ အမည်မှာ မက်ဇ်အယ်လ်ကက်စ်ဆာဘက်ခ်ျ ဖြစ်ပြီး မွေးသက္ကရာဇ် မှာ မေ၊ ၂၉၊ ၁၉၈၈ ဖြစ်ကာ ရာထူးအဆင့်မှာ ဗိုလ်အဆင့် ဖြစ်ကြောင်း သိရသည်။

တိုက်လေယာဉ်ကို အပူငွေ့အာရုံခံ ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်း ဖြစ်သည်ဟုလည်း အကြမ်းဖက်သမားများက ဖော်ပြထားသေးသည်။

ယခုကဲ့သို့ တိုက်လေယာဉ်တစ်စင်း ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ဆီးရီးယားနိုင်ငံ အတွင်းတွင် အဆက် အသွယ် အများအပြားရှိသည့် ဗြိတိန်အခြေစိုက် လေ့လာရေးအဖွဲ့ထံမှ မည်သည့်သတင်းမျှ မထွက်လာသေး သကဲ့သို့ ဂျော်ဒန်အစိုးရကလည်း မည်သည့်ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိသေးချေ။

ဂျော်ဒန်နိုင်ငံသည် အမေရိကန် ဦးဆောင်မှုဖြင့် အီရတ်နှင့် ဆီးရီးယားတွင် လေကြောင်းထိုးစစ် ဆင်နွှဲရာ တွင် ပူးပေါင်းပါဝင်လျက် ရှိသော နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ခဲ့သော ပူးပေါင်း လေကြောင်းထိုးစစ်များကြောင့် လက်ရှိအချိန်ထိ ဆီးရီးယားတွင် လက်နက်ကိုင် အကြမ်းဖက်သမား ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု လေ့လာသူ များက ဒီဇင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment