Thursday, December 11, 2014

နိုက်ကလပ်၊ စင်တင်တေးဂီတနှင့် KTV ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၌ နိုက်ကလပ်၊ KTV နှင့် အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုပေးရန် အဆိုတင်သွင်းခဲ့ပြီး တစ်ရက်အကြာတွင် ဒေးကလပ်၊ နိုက်ကလပ်၊ စင်တင်တေးဂီတဆိုင်နှင့် ကေတီဗီဆိုင်များ အများဆုံး တည်ရှိရာ မင်္ဂလာဈေးဝင်းရှိ ဆိုင်များကို ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဌာနက အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်ရဲမှူး သိန်းအောင်က The Voice သို့ ပြောကြားသည်။



မင်္ဂလာဈေး အပါအဝင် မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ ရပ်ကွက် ၂၀ ၌ ဖွင့်လှစ်ထားသည့် Entertainment၊ KTV ဆိုင်များမှာ ည ၁၁ နာရီကျော်သည့် အထိ ဆိုင်မပိတ်ဘဲ ညလုံးပေါက် ဖွင့်လှစ်ထားပြီး ဆိုင်သို့ လာရောက်သူများကို အမျိုးသမီး စားပွဲထိုးများခန့်က မြူဆွယ်မှုများ ပြုလုပ်နေသည်ဟု တိုင်ကြားမှုများ ရှိသဖြင့် ဆိုင်ပိုင်ရှင်များကို ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူတွေ့ဆုံကာ ဒေသဆိုင်ရာ အာဏာပိုင်မှ ထုတ်ပြန်သည့် စည်းကမ်းချက်များ လိုက်နာရန် ဝန်ခံ လက်မှတ်ရေးထိုးစေခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဆိုင်တွေ ည ၁၁ နာရီ နောက်ဆုံး ပိတ်ရမယ်၊ အမျိုးသမီး အနှိပ်ခန်းတွေလည်း ဖွင့်ခွင့်မပေးဘူး၊ မလိုက်နာရင်တော့ လုပ်ငန်းလိုင်စင်တွေ ပြန်သိမ်းပြီး တည်ဆဲဥပဒေနဲ့ အရေးယူမယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောကြားသည်။

မင်္ဂလာဈေးဝင်းအတွင်း FUJI၊ JJ၊ Asia၊ Diamond၊ 9F၊ Channel V၊ NASA တို့ အပါအဝင် နိုက်ကလပ် ၁၀ ခုကျော် ရှိပြီး စင်တင်တေးဂီတ ဆိုင်များနှင့် ကေတီဗီဆိုင်များ အပြင် အနှိပ်ခန်းများလည်း ရှိကြောင်း၊ အဆိုပါ ဆိုင်များထံသို့ ညအချိန် မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် မြို့နယ်ပေါင်းစုံမှ လူလတ်၊ လူငယ်ပေါင်းစုံ လာရောက်ပျော်မြူးကြပြီး မကြာခဏ ခိုက်ရန် ဖြစ်ပွားလေ့ရှိကြောင်း ယင်းဈေးအနီး နေထိုင်သူများထံမှ သိရှိရသည်။

“ည ၁၁ နာရီဆိုတာ ဆိုင်တွေမှာ လူစကျတဲ့အချိန်ပဲ ရှိသေးတာ။ ဒီအချိန် ဆိုင်ပိတ်ရမယ်လို့ ပြောပေမယ့် သက်ဆိုင်ရာ အဖွဲ့တွေကို တောင်းပန်ပြီး ည ၁ နာရီ လောက်အထိ ဖွင့်ရတာမျိုးတော့ ရှိတာပေါ့၊ ဒီလိုမှ မလုပ်ရင်လည်း ဝန်ထမ်းစရိတ်၊ ဆိုင်စရိတ်နဲ့ အရှုံးပေါ်မှာ” ဟု ယင်းဈေးဝင်းရှိ နိုက်ကလပ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ နိုက်ကလပ်များတွင် မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့က ယခုလအတွင်း လက်နက်ရှာဖွေ စစ်ဆေးရေးများ ဆောင်ရွက်ခဲ့သောကြောင့် တုတ်၊ ဓားများ ယူဆောင်လာသူ ၁၅ ဦးခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ယင်းဈေးရှိ ကလပ်မှ ဝန်ထမ်းများနှင့် သာကေတမြို့နယ်မှ လူမိုက်အဖွဲ့ စကားများရာမှ ဓားများဖြင့် အုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်ပွားခဲ့သောကြောင့် ဆိုင်များ တစ်လကျော်ကြာ ပိတ်သိမ်းခဲ့ရကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်း ဥပဒေ စည်းမျဉ်း စည်းကမ်းများ ပြဋ္ဌာန်းပြီး အနှိပ်ခန်းများကို တရားဝင် ခွင့်ပြုပေးရန် အဆိုတင်သွင်းခဲ့မှုအပေါ် တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရပ်ကွက်အတွင်း ဥပဒေအရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment