Saturday, January 31, 2015

ကျေးကျွန်သဖွယ်ခိုင်းစေခံနေရသည့် ကလေးလုပ်သား တစ်ရာကျော်ကို ကယ်တင်


အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ ဟိုင်ဒါရာဘတ်မြို့တွင် ကျေးကျွန်သဖွယ် ခိုင်းစေခံနေရသည့် ကလေးငယ် ရာဂဏန်းမျှကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ရဲများသည် မြို့တွင်းရှိ အလုပ်ရုံများကို ရှောင်တခင် စီးနင်း စစ်ဆေးပြီးနောက် အလွန်အကျွံ ဖိနှိပ်ခိုင်းစေ ခံနေရသည့် ကလေးငယ် (၁၂၀)ကို ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် အချို့သည် အလွန်အမင်း နာမကျန်း ဖြစ်နေသလို ကိုယ်အလေးချိန် ဆိုးဆိုးရွားရွား ကျဆင်းနေကြောင်းလည်း သိရသည်။

ကလေးအလုပ်သမား အသုံးပြုမှု ဖြိုခွင်းရေး လှုပ်ရှားမှု တစ်ရပ်အဖြစ် ရဲများက မြို့တွင်းရှိ စက်ရုံ၊ အလုပ်ရုံ အချို့ကို စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။ “တချို့ကလေးတွေမှာ အရေပြားရောဂါတွေ စွဲကပ်နေတယ်။ သူတို့တွေက ကောင်းကောင်းမွန်မွန် အာဟာရ ပြည့်ဝအောင် ကျွေးမွေးခံရတာမျိုး မရှိဘူး။ ကလေးတွေက စိတ်ဒဏ်ရာတွေ ရထားပြီး တုန်တုန်လှုပ်လှုပ် ဖြစ်နေတာ အရမ်းသိသာတယ်”ဟု မြို့၏ ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာ ဆတ်ယာနာရာယာနာက AFPသို့ ပြောကြားခဲ့သည်။

အိန္ဒိယတွင် ကလေးများကို ကျေးကျွန်သဖွယ် ရက်စက်စွာ ခိုင်းစေမှုများ ရှိနေပြီး နားချိန်မပေးဘဲ (၁၆)နာရီမျှ ဆက်တိုက် ခိုင်းစေကြသလို အလုပ်ရှင်များက အမိန့်မနာခံသည့် ကလေးလုပ်သားများကို အစာရေစာ ဖြတ်ထားပြီး ဒဏ်ပေးလေ့ရှိကြောင်း သိရသည်။

အိန္ဒိယ မြောက်ပိုင်းရှိ ဆင်းရဲနွမ်းပါးသော ဘီဟာဒေသတွင် ပြီးခဲ့သည့် နှစ်အတွင်းက မိဘများသည် ၎င်းတို့၏ ကလေးများကို လူမှောင်ခိုသမားများထံ ရူပီးငွေ (၅၀၀၀)မှ (၁၀၀၀၀)ကြား ဈေးနှုန်းမျိုးဖြင့် ရောင်းချခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဈေးနှုန်းသည် ဒေါ်လာ(၈၀)မှ (၁၆၀)ကြားမျှသာ ကျသင့်သည့် သဘောလည်း ဖြစ်သည်။

“ကလေးတွေကို အခန်းကျဉ်းလေးတွေထဲမှာ ထားတယ်။ လေဝင်လေထွက်အပေါက် မရှိဘူး။ ပြီးတော့ အနံ့အသက်က ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်လောက်အောင် ဆိုးတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ကလေးတွေကို ကျေးကျွန်လို အသုံးချ ခိုင်းစေနေတာကို တိုက်ဖျက်တဲ့ စစ်ဆင်ရေးတွေကို ဆက်ပြီး လုပ်ဆောင်သွားဦးမှာပါ”ဟု ဆတ်ယာနာရာယာနာက ပြောဆိုသွားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကအတွင်းကလည်း ဟိုင်ဒါရာဘတ်မြို့၏ တောင်ဘက်ရှိ အလုပ်ရုံများကို စီးနင်းစစ်ဆေးရာ အလွန်အကျွံ ခိုင်းစေခံရသည့် ကလေးငယ် (၂၂၀)ကို ရဲများက ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူမှောင်ခိုသမားနှင့် ပွဲစား (၃၁)ဦးကို ဖမ်းဆီးကာ ကလေးသူငယ်များကို ကျွန်ပြုခိုင်းစေမှုဖြင့် စွဲချက်တင်ထားကြောင်း သိရှိရသည်။

_Ref: CNA
7Day DAILY 

No comments:

Post a Comment