Friday, January 2, 2015

အင်တာနက်ဆိုင်ဖွင့်လှစ်ရန် တစ်နှစ်စာလိုင်စင်ကြေး ကျပ်သိန်း ၁၀၀ ကျော် ကျသင့်မည်ဟု သတင်းထွက်ပေါ်

အများပြည်သူသုံး အင်တာနက်ဆိုင် (PAC) များသည် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ အသစ်အရ Application Services လိုင်စင် (AS) ကို ပြန်လည် လျှောက်ထားရမည်ဟု သိရသည်။

“အခုသတင်းတွေ ကြားနေရတာက လိုင်စင်ကြေးက ၂၅ သိန်း၊ နှစ်စဉ်ကြေးက သိန်း ၁၀၀ တဲ့။ တစ်နှစ်စာအတွက် သိန်း ၁၂၅ ဆိုတော့ မလွယ်ဘူး။ ဆိုင်ကလည်း အခြေအနေ မကောင်းဘူး။ အခုဆိုရင် မိုဘိုင်းအင်တာနက်လိုင်းတွေ ရလာတော့ လူဝင်တာကလည်း ၃၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု လက်ရှိ အင်တာနက်ဆိုင် လုပ်ငန်းလုပ်ကိုင်နေသည့် ဦးတိုင်က ပြောသည်။



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အောက်တိုဘာလ ၁၄ ရက် ရက်စွဲဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေအသစ်အရ အများပြည်သူသုံး အင်တာနက်ဆိုင်များသည် လုပ်ငန်းလိုင်စင်အသစ်ကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ပြန်လည်လျှောက်ထားရမည်ဟု သိရသည်။

“အခြားဆိုင်တွေတော့ လာသွားပြီးပြောတယ်။ ကျွန်တော့်ဆိုင်ကိုတော့ မလာသေးဘူး။ ကြားနေရတာကတော့ လိုင်စင်ကြေး ၂၅ သိန်းနဲ့ Services လိုင်စင်ကြေး ၂၅ သိန်းဆိုပြီး သိန်း ၅၀ လောက် ကျသင့်တယ်ပြောတယ်။ ဒါကို မကြိုက်ဘူး။ ဒါက အဓိပ္ပာယ်မရှိဘူးဗျာ” ဟု လှည်းတန်းအနီး အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

အင်တာနက်ဆိုင်များအတွက် လိုင်စင်အသစ် လျှောက်ထားခြင်းနှင့် လိုင်စင်အသစ်အတွက် ကုန်ကျစရိတ် များကို အတည်ပြုပေးနိုင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အင်တာနက် ဂျာနယ်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆင်ပြေစွာ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိအချိန်၌ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုသူ များပြားလာသည့်အလျောက် အင်တာနက် ဆိုင်များသို့ လာရောက်အသုံးပြုသူ အရေအတွက်သည် လွန်စွာနည်းပါးလာကြောင်း၊ စီးပွားရေး အရ အင်တာနက်ဆိုင်ဖွင့်လှစ်ရန် အဆင်ပြေသည့်အတွက် အင်တာနက်ဆိုင်ကို ပိတ်၍ ဂိမ်းဆိုင်အဖြစ် ပြောင်းလဲ ဖွင့်လှစ်နေရကြောင်း ဒဂုံမြို့နယ်ရှိ အမည်မဖော်လိုသော ဂိမ်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော် နေပြည်တော်ကို ရောက်သွားတယ်။ သူတို့တွေ သတ်မှတ်ထားတာက ကနဦးတပ်ဆင်ခ ဆိုပြီး သိန်း ၁၀၀ ဗျာ။ လျှောက်လွှာကြေးဆိုပြီးတော့ ၂၅ သိန်းဗျာ။ ပြီးတော့ တစ်နှစ်စာ ဝင်ငွေခွန်ရဲ့ ၀.၅ ရာခိုင်းနှုန်းကိုလည်း ပေးရဦးမယ်။ ဒါက လုံးဝမဖြစ်သင့်ဘူးဗျာ။ အခွန်ဦးစီးဌာနက နှစ်စဉ်အခွန်တွေ ကလည်း ရှိနေသေးတယ်။ ဆိုင်တွေလည်း ပိတ်ကုန်ကြပါပြီ”ဟု အလုံနှင့် ကြည်မြင်တိုင်နယ်မြေ၌ အင် တာနက်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် ဦးမြင့်ဆိုသူက ဆိုသည်။

လက်ရှိအချိန်၌ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူများသည် တစ်ရက်လျှင် ၂ သောင်းကျပ် ဝင်ငွေရရှိရန် ကြိုးစားရှာဖွေနေရသည့်အပြင် အခန်းတည်နေရာ လခများနှင့် ချိတ်ဆက်ထားသည့် အင်တာနက်လိုင်း အတွက် နှစ်စဉ်ကြေးအပြင် ထိန်းသိမ်းခများကိုလည်း ပုံမှန် ပေးဆောင်နေရကြောင်း သိရသည်။

အင်တာနက်ဆိုင် လိုင်စင်များကို ၂၀၀၅ ခုနှစ်မှစတင်၍ မြန်မာအင်ဖိုတက်ခ် အနေဖြင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဧပြီလတွင် အင်တာနက်ဆိုင်လိုင်စင် ချထားပေးခြင်းကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လွှဲပြောင်းရယူခဲ့သည်ဟု သိရသည်။ လိုင်စင်အရေအတွက်အရ အင်တာနက်ဆိုင်ပေါင်း ၈၀၀ နီးပါးကို မြန်မာ အင်ဖိုတက်ခ်အနေဖြင့် လွှဲပြောင်းပေးအပ် ခဲ့သော်လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထက်၌ လိုင်စင်လျှောက်ထားသူ အရေအတွက် ပိုမိုနည်းပါးသွားခဲ့သည်ဟု သိရသည်။

မြန်မာအင်ဖိုတက်ခ်သည် အင်တာနက်ဆိုင် လိုင်စင်အတွက် ကနဦးလိုင်စင်ကြေးကို ၅ သောင်းကျပ် သတ်မှတ်ခဲ့သော်လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် လိုင်စင်အတွက် ကနဦး သတ်မှတ်နှုန်း ထားကို ၃ သောင်းကျပ်အဖြစ် ပြင်ဆင်သက်မှတ်ပေးခဲ့သည်။ အင်တာနက်ဆိုင် အရေအတွက်အနေဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထက်၌ ထုတ်ပြန်ကြေညာပေး ခဲ့ခြင်း မရှိပေ။

7 Day Daily

No comments:

Post a Comment