Thursday, January 15, 2015

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲတွင် အစုအဖွဲ့အလိုက် ဆွေးနွေးချက်များ


အုပ်စု (၁)မှ ကိုယ်စားလှယ် ဦးနော်အောင်၊ ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း၊ မှော်ဘီမြို့နယ် ရန်ကုန် တိုင်းဒေသကြီး၏ ဆွေးနွေးချက်

မေးခွန်း (၁) ဖြစ်သော အလုပ်သမားများအတွက်သာမက အလုပ်ရှင်များ အတွက်ပါ သင့်တင့်မျှတသော အနည်းဆုံးအခကြေးငွေနှုန်းထားတစ်ရပ်ကို ဆွေးနွေးအဆိုပြုတင်ပြရန်နှင့်ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် တစ်နေ့လျှင် ငွေကျပ် ၃ဝဝဝ နှုန်း ရရှိလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဆွာမြို့နယ်ရှိ အထပ်သား(သစ်လုပ်ငန်း)လုပ်သားများက တစ်နေ့လျှင် ငွေကျပ် ၄ဝဝဝ နှုန်း ရရှိလိုကြောင်း၊ ရန်ကုန် အခြေစိုက် အလုပ်သမားများက တစ်နေ့ လျှင် ငွေကျပ် ၆ဝဝဝ နှုန်းရရှိလိုကြောင်း၊ မေးခွန်း (၂) ဖြစ်သော
အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ရာတွင် မည်သည့်ခေါင်းစဉ်မျှ မပါရှိဘဲ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် လုပ်ခသက်သက်ကိုသာ သတ်မှတ်ရန် သဘောတူ/မတူနှင့် ပတ်သက်၍ အုပ်စု (၁)အနေဖြင့် သဘောတူပါကြောင်း၊ မေးခွန်း (၃) ဖြစ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ဒေသအလိုက် (သို့မဟုတ်)လုပ်ငန်းကဏ္ဍအလိုက်သတ်မှတ်ရန်နှင့်ပတ်သက်၍ ဒေသအလိုက် တွင် လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်သင့်ကြောင်း တင်ပြပါသည်။

အုပ်စု (၁) မှ တင်ပြချက်အပေါ် ဦးတင်ခိုင်၊ အထပ်သားစက်ရုံ အခြေခံအလုပ် သမားအဖွဲ့အစည်း၊ ဆွာမြို့နယ် ပဲခူးတိုင်းဒေသကြီး၏ ဖြည့်စွက်ဆွေးနွေးချက်

နယ်တွင် တစ်နေ့လျှင် ငွေကျပ် ၄ဝဝဝ နှုန်းဆိုလျှင် အဆင်ပြေနိုင်ကြောင်း၊ ဆေးခွင့်၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်များအတွက် လစာမှ ဖြတ်တောက်မှု မရှိပါက သဘောတူပါကြောင်း တင်ပြပါသည်။

အုပ်စု (၂) မှ ကိုယ်စားလှယ် ဦးသက်နှင်းအောင်၊ ဗဟိုသတင်းအဖွဲ့ တာဝန်ခံ၊MTUF ၏ ဆွေးနွေးချက်

မေးခွန်း (၁) အတွက် အနည်းဆုံးအခကြေးငွေသည် တစ်လလျှင် ငွေကျပ် ၁ဝဝဝဝဝ အောက် မလျော့နည်းစေလိုကြောင်း၊ မေးခွန်း (၂) ကို သဘောတူ ပါကြောင်း၊ မေးခွန်း (၃) အတွက် မူလကဒေသအလိုက် သတ်မှတ်ရန် စဉ်းစား ထားပါကြောင်း၊ သို့သော် အထွေထွေကုန်ကျစရိတ် မတူညီနိုင်ပါကြောင်း၊ ကုန်ဈေးနှုန်းလည်း မတူညီနိုင်ပါကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ရှိ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ပေးစေလိုကြောင်း တင်ပြပါသည်။

အုပ်စု (၂) မှ တင်ပြချက်အပေါ် ဦးကျော်ဌေး၊ ပျဉ်းမနားသကြားစက် အခြေခံ အလုပ်သမား အဖွဲ့အစည်း၊ နေပြည်တော်၏ ဖြည့်စွက်ဆွေးနွေးချက်

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် ဒေသတစ်ခုနှင့် တစ်ခု မတူညီ နိုင်ခြင်းသည် အမှန်ပင်ဖြစ်ကြောင်း၊ မိမိတို့နေပြည်တော်တွင် ငွေကျပ် ၃၅ဝဝ နှင့် ငွေကျပ် ၄ဝဝဝ ကြားဆိုလျှင် လူနေမှု အဆင့်မနိမ့်နိုင်ကြောင်း၊ အနည်းဆုံး အခကြေးငွေကို ဒေသအလိုက် သတ်မှတ်သင့်ကြောင်း တင်ပြပါသည်။

အုပ်စု (၃)မှ ကိုယ်စားလှယ် ဦးအောင်လင်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် MTUF ၏ ဆွေးနွေးချက်

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို အားကြိုး မာန်တက်ကြိုးစားနေသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အနည်းဆုံး အခကြေးငွေကိစ္စသည် နိုင်ငံ၏မီးခဲဖြစ်ကြောင်း၊ မိမိတို့လည်း ဤကိစ္စနှင့် ပတ်သက်၍ ကြောက်မိပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် ပြတ်ပြတ်သားသား ဆွေးနွေးဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းခွင်ပြဿနာ အများစုသည် လုပ်ခလစာကြောင့်ဖြစ်ပါကြောင်း၊ ယင်းပြဿနာများသည် ဒေသတွင်း လုပ်ငန်းခွင်မတည်ငြိမ်မှုကို ဖြစ်စေကြောင်း၊ အနည်းဆုံးအခကြေး ငွေတွင် ဒွိဟကွဲပြားစရာများရှိကြောင်း၊ လုပ်ရသည့်လုပ်ငန်းစဉ်များလည်း များပြားကြောင်း၊

ကျန်းမာပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် လုပ်ငန်းခွင် အတွက် အနည်းဆုံးအခကြေးငွေ ကိစ္စရပ်သည်လည်း ပါဝင်နေပါကြောင်း၊ မိမိတို့ အုပ်စု (၃) အနေဖြင့် တစ်ဦးချင်းစီ၏ ဆွေးနွေးချက်များကို တင်ပြသွား မည်ဖြစ်ကြောင်း၊

ဆွာအခြေခံအထပ်သားစက်ရုံမှ ဦးကိုကိုနိုင်က တစ်ရက် လျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် သတ်မှတ်ပေးစေလို ကြောင်း၊ AFFM မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးနေဝင်းထွန်းက တစ်ရက်လျှင် ငွေကျပ် ၇ဝဝဝ နှုန်း သတ်မှတ်ပေးစေလိုကြောင်း၊ AFFM ကရင်ပြည်နယ်မှ ဦးကိုကိုဦး က စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ခသတ်မှတ်ပေးရန်နှင့် ဒေသအလိုက် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ခကို သတ်မှတ်ပေးစေလိုကြောင်း၊ AFFM ပဲခူးတိုင်းတာဝန်ခံ ဦးစောလွင်က လယ်သမားများအတွက် တစ်ရက်လျှင် ငွေကျပ် ၃ဝဝဝ နှုန်း သတ်မှတ်ပါက သင့်လျော်ပါကြောင်း၊ MTUF မှ ဦးအောင်သူက တစ်နာရီလျှင် ငွေကျပ် ၆ဝဝ နှုန်းဖြင့် တစ်ရက်လျှင် ငွေကျပ် ၄၈ဝဝ နှုန်းဆိုပါက အလုပ်ရှင်/အလုပ်သမား နှစ်ဖက်စလုံး အဆင်ပြေနိုင် ကြောင်း၊

AFFM ဝေါမြို့နယ်မှ ဦးမြင့်အောင်က လယ်ယာကဏ္ဍအပါအဝင် အလုပ်သမားအားလုံး တစ်ရက်လျှင် ငွေကျပ် ၄ဝဝဝနှုန်း ရသင့်ကြောင်း၊ တိုတယ်မြန်မာအထည်ချုပ်စက်ရုံမှ ဦးအောင်မြတ်သူက တစ်ရက်လျှင် အခြေခံလစာ ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီကို သဘောတူပါ ကြောင်း၊ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက စက်မှုအခန်းကဏ္ဍအတွက် လုပ်ခလ စာ သီးခြားသတ်မှတ်သင့်ကြောင်း၊ လယ်ယာလုပ်ငန်းခွင်အတွက် တစ်ရက် လျှင် ငွေကျပ် ၇ဝဝဝ နှုန်း သတ်မှတ်ပါက လယ်သမားများအတွက် အဆင် မပြေနိုင်ကြောင်း၊ စက်မှုဇုန်တွင် လုပ်အားခများပါက လယ်ယာလုပ်သား နည်းသွားနိုင်ကြောင်း၊ လယ်သမားနှင့် အလုပ်သမားလုပ်ခလစာ မတိမ်းမယိမ်း ဖြစ်သင့်ကြောင်း၊MTUF မှ ဦးမျိုးသန့်က အစိုးရနှင့် ပုဂ္ဂလိက ကွဲပြားသည့် နှုန်းထားမဖြစ်စေချင်ကြောင်း၊ မိမိအနေဖြင့် တင်ပြလိုသည်မှာ ၂ဝ၁၃ ခုနှစ် စစ်တမ်းအရ အလုပ်လုပ်ကိုင်သူတစ်ဦးနှင့် မိသားစုနှစ်ဦးအတွက် ကုန်ကျ စရိတ် ငွေကျပ် ၁၈၁၂ဝဝ ရှိကြောင်း၊ ဘေးကင်းလုံခြုံစိတ်ချရသည့် လုပ်ငန်း ခွင်ဆိုသည့်အချက်တွင် အလုပ်သမား၏ ဝင်ငွေသည် အဓိကကျပါကြောင်း၊ လယ်ယာကဏ္ဍတွင် အလုပ်ချိန်သတ်မှတ်ချက်မရှိပါကြောင်း၊ လုပ်ငန်းအမျိုး အစားများစွာရှိပါကြောင်း၊

အဓိကပုံမှန် လစာကိုသာ သတ်မှတ်သင့်ကြောင်း၊ အခြားခံစားခွင့်များကို ဖြုတ်ချသင့်ကြောင်း၊ အချုပ်အားဖြင့် မိမိတို့အုပ်စု(၃) အနေဖြင့် အခြားပေါင်းစပ်ကြေးများ မပါဝင်ဘဲ တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၅ဝဝဝ နှုန်း သတ်မှတ်ပေးရန် သဘောတူပါကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးသောင်းညွန့်၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဖြည့်စွက်ဆွေးနွေးချက်

မိမိသည် သတ္တုတွင်း ၁၄ ခုကို စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းမှ ဖြစ်ကြောင်း၊ သတ္တုတွင်းကဏ္ဍတွင် အလုပ်သမားများ၏ ဘဝမြင့်မားရေး၊ အတတ်ပညာပိုင်းဆိုင်ရာ ထိန်းသိမ်းရေးနှင့်အလုပ်ရှင် ရပ်တည်နိုင်ရေးဟူ၍ ရည်ရွယ်ချက် သုံးခုရှိကြောင်း၊

လုပ်ငန်းပိုင်းတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနှင့်ပြည်တွင်း လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုဟူ၍ လုပ်ငန်းအမျိုးအစား နှစ်မျိုးရှိကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နည်းပညာအားနည်းကြောင်း၊ Small Mine တွင်းများရှိသောကြောင့် လုပ်ငန်းရှင်များ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးမှုများ ပြုလုပ်ပေး သင့်ကြောင်း၊ အလုပ်သမားများအတွက် အခြေခံကျသော ဘဝရပ်တည်ရေး အတွက်ဖူလုံစေသည့် လုပ်ခလစာပေးရန်တင်ပြလိုကြောင်း၊

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဆောင်ရွက်သင့်ကြောင်း တင်ပြပါသည်။

အုပ်စုများမှတင်ပြချက်များအပေါ် ဦးမောင်မြင့်၊ ဧရာဝတီရေလုပ်သား အခြေခံ အလုပ်သမား အဖွဲ့အစည်း၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ဖြည့်စွက်ဆွေးနွေးချက်

၁၉၆၄-၁၉၆၅ ခုနှစ်များက အနည်းဆုံး အခကြေးငွေနှင့် ကုန်ဈေးနှုန်း များကိုနှိုင်းယှဉ်ပြောကြားသွားခဲ့ပြီး ယခုတစ်ရက်လျှင် ကျပ် ၃ဝဝဝ နှုန်းရပါက အဆင်ပြေနိုင်ကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးကိုနိုင်၊အထပ်သားစက်ရုံ အခြေခံအလုပ် သမားအဖွဲ့အစည်း ဆွာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၏ဖြည့်စွက်ဆွေးနွေးချက်

လုပ်ခလစာ တစ်ရက်လျှင် ကျပ် ၅ဝဝဝ နှုန်းအပေါ်၌ အနည်းငယ် ထပ်မံ ဆွေးနွေး လိုကြောင်း၊ အဆိုပါနှုန်းတွင် OT ကြေး မပါကြောင်း၊OT သည် အလုပ်သမား များ၏ အထူးအခွင့်အရေးဖြစ်ကြောင်း၊ အလုပ်ရုံနှင့် အလုပ် သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနကလည်း ညွှန်ကြားထားကြောင်း၊ တစ်ရက် လျှင် အလုပ်ချိန် ၈ နာရီထက်မကျော်ရကြောင်း၊OT ခိုင်းလျှင် နှစ်ဆရမှ သာ ဖြစ်မည်ဖြစ်ကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးနေဝင်းထွန်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM ၊ မွန်ပြည်နယ်၏ ဖြည့်စွက်ဆွေးနွေးချက်

မေးခွန်း(၁)နှင့်ပတ်သက်၍ လယ်ယာလုပ်သားများအတွက် တစ်ရက်လျှင် ကျပ် ၅ဝဝဝ နှုန်းကို လယ်ပိုင်ရှင်များပေးနိုင်လျှင် ကုမ္ပဏီပိုင်ရှင်များလည်းပေး နိုင်ရမည်ဖြစ်ကြောင်း၊ လယ်ယာလုပ်သားများထက် ကျန်သည့်အခန်းကဏ္ဍများတွင် ပိုပေးမည်ဆိုလျှင် လယ်လုပ်သား ရှားပါးသွား မည်ဖြစ်ကြောင်း၊ မေးခွန်း (၂) ကို သဘောတူပါကြောင်း၊ မေးခွန်း (၃) အတွက် ကဏ္ဍ နှစ်ခုလုံးအတွက် သတ်မှတ်ပေးနိုင်လျှင် ကောင်းမည်ဟု အကြံပြုလိုပါကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးမျိုးသန့်၊AAA ဘိလပ်မြေစက်ရုံ အခြေ ခံအလုပ်သမားအဖွဲ့အစည်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၏ဖြည့်စွက်ဆွေးနွေးချက်

မြန်မာနိုင်ငံသမိုင်းတွင် အစိုးရလစာထက် ပုဂ္ဂလိကလစာက ပိုများ ခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြဿနာမရှိခဲ့ပါကြောင်း၊ နားရက်မှာ အစိုးရကသာပြီး လုပ်ခလစာမှာ ပုဂ္ဂလိက က အားသာကြောင်း၊ အစိုးရတွင်ဖွဲ့စည်းပုံ စနစ်ကျသည့်အတွက် လုပ်ငန်းခွင်အခက်အခဲမရှိခဲ့ ကြောင်း၊ ပုဂ္ဂလိက တွင်ငါးယောက်စာကို သုံးယောက်လောက်သာ လုပ်ရသည့် အတွက် အစိုးရလစာတိုးတိုင်း ပုဂ္ဂလိကလည်း လစာတိုးကြောင်း၊ ယခုအခါ အလုပ်ရှင်များက အနည်းဆုံး အခကြေးငွေသတ်မှတ်ပြီးမှသာ စဉ်းစားမည် ပြောကြောင်း၊ ၁ သိန်း ဝန်းကျင်ရလျှင် ပြဿနာမဖြစ်နိုင်ဟုထင်ပါကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးနိုင်ဝင်းထွန်း၊ စက္ကူစက်ရုံ (ပလိပ်) အခြေခံအလုပ်သမား အဖွဲ့အစည်း၊ ပလိပ်မြို့နယ် မန္တလေးတိုင်းဒေသကြီး၏ဖြည့်စွက်ဆွေးနွေးချက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟူ၍ နိုင်ငံပိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာတွင် ပြဿနာများရှိကြောင်း၊ ပုဂ္ဂလိကသည် နိုင်ငံ့ဝန်ထမ်း လစာအတိုင်း မပေးနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း၏အခြေခံလစာနှင့် မကွာသော နှုန်းကိုသတ်မှတ်ပေးသင့်ကြောင်း၊ လယ်ယာလုပ်သားများ၏ အလုပ်ရှင်သည် လယ်ပိုင်ရှင်၊ တောင်သူကြီးများဖြစ်သည့်အတွက် ဆွေးနွေးပွဲများတွင် ¤င်းတို့ ကိုပါ ခေါ်ယူသင့်ကြောင်း၊ လယ်ယာလုပ်ငန်းအတွက် သီးခြားဆွေးနွေးသင့် ကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဦးစိုးလွင်၊ ပြည်တွင်ရေကြောင်း ပို့ဆောင်ရေး အခြေခံအလုပ်သမားအဖွဲ့အစည်း၊ဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး၏ဖြည့်စွက်ဆွေးနွေးချက်

လုပ်ငန်းတစ်ခုတွင် အလုပ်သမားကလုပ်အား၊ အလုပ်ရှင်ကငွေအား/ ဥာဏ်အား စိုက်ထုတ်ရကြောင်း၊ တစ်ရက် အလုပ်ချိန် ၈ နာရီကို နိုင်ငံ့ဝန်ထမ်း များရော ပုဂ္ဂလိကဝန်ထမ်းများအတွက်ပါ သတ်မှတ်ပေးသင့်ကြောင်း၊ မိမိတို့ ရေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် အချိန်ကာလ သီးခြားသတ်မှတ် ပေးသင့်ကြောင်း၊ နယ်မြေဒေသအလိုက် သတ်မှတ်ပါက အလုပ်ရှင် အလုပ် သမားများအတွက် အကောင်းဆုံးဖြစ်ကြောင်း တင်ပြပါသည်။

အုပ်စုများမှတင်ပြချက်များအပေါ် ဒေါ်ချမ်းငြိမ်းသူ၊ တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၏ဖြည့်စွက်ဆွေးနွေးချက်

မေးခွန်း(၁)နှင့်(၃)သည် ဆွေးနွေး၍ အဆင်မပြေနိုင်ကြောင်း၊ ယခုအချိန် ဆွေးနွေးသည်ထက် စစ်တမ်းကောက်ယူပြီး မှသာ ဆွေးနွေး သင့်ကြောင်း၊ လက်တွေ့ကျကျ အနေအထားကို ဆောင်ရွက်ပြီးမှသာ စဉ်းစားသင့်ကြောင်း တင်ပြပါသည်။

အုပ်စုများမှတင်ပြချက်များအပေါ် ဒေါ်မိုးဝေ၊ တိုင်ရီဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ဆွေးနွေးချက်

MTUF, AFFM, CTUM စသည်ဖြင့် သီးခြားဖိတ်ကြားမှုမပြုဘဲ အလုပ်သမားထုများ ကိုလည်း ဖိတ်ကြားသင့်ကြောင်း၊ ဖိတ်ကြားမည့်သူများကို ဆွေးနွေးမည့်အစီအစဉ်များကြိုတင်ပေးပို့သင့်ကြောင်း၊ ဒေါ်ချမ်းငြိမ်းသူ ပြောခဲ့သလို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သင့်ကြောင်း၊ အလုပ်ရှင်များ ၏ ရင်းနှီးမြှုပ်နှံမှုနှင့်အခွန်များကိုလည်း စစ်တမ်းယူသင့်ကြောင်း၊ နောင်တွင် အစည်းအဝေးအစီအစဉ်များကို အစည်းအဝေးရောက်မှသိတာမျိုး မဖြစ်သင့် ကြောင်း တင်ပြပါသည်။

အုပ်စုများမှ တင်ပြချက်များအပေါ် ဒေါ်မျိုးမျိုးအေး၊ အကြံပေး၊MTUF ၏ ဖြည့်စွက်ဆွေးနွေးချက်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးအတွက် ယခုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်နေသည်ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ဒေသတွင်းရှိ နိုင်ငံများကိုနမူနာယူ၍ ဆောင်ရွက်သင့်ကြောင်း၊ လယ်ယာ ကဏ္ဍအတွက် ၅ဝဝဝ ကျပ်ဟုပြောသော်လည်း ၄င်းကဏ္ဍတွင် လုပ်ငန်းအမြဲမရှိကြောင်း၊ ရာသီအလိုက်သာလုပ်ရကြောင်း၊ ကျန်ကာလတွင် ဝင်ငွေမရှိကြောင်း၊ စက်ရုံ/ အလုပ်ရုံ အလုပ်သမား များမှာ နေ့စဉ်အလုပ်ရှိသည့်အတွက် နှိုင်းယှဉ်၍မရ ကြောင်း၊ အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်သေးသည့်အတွက် အလုပ် သမားများက တိုးတောင်းသော်လည်း အလုပ်ရှင်များက မပေးသေးကြောင်း၊Survey ကိုအမြန်ဆုံးကောက်ယူပြီး အလုပ်ရှင်/ အလုပ်သမား သဘောတူညီ ချက်ကို အမြန်ဆုံးရရှိစေလိုကြောင်း တင်ပြပါသည်။

MOI

No comments:

Post a Comment