Wednesday, January 7, 2015

တောင်းဆိုချက် မလိုက်လျောပါက မကြာမီ ပိုပြင်းထန်သောသပိတ်များ စတင်မည်ဟု ကျောင်းသားသမဂ္ဂများဆို

အတည်ပြု ပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေး ဥပဒေ ပြန်လည် ပြင်ဆင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင် တွေ့ဆုံရန် ကျောင်းသားသမဂ္ဂများ တောင်းဆိုထားမှုမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သတ်မှတ်ရက် ပြည့်တော့မည် ဖြစ်သဖြင့် မကြာမီ ပိုမိုပြင်းထန်သော သပိတ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကျောင်းသားသမဂ္ဂများက The Voice သို့ ပြောကြားသည်။



ယင်းအစီအစဉ်ကို တက္ကသိုလ် ကျောင်းသားသမဂ္ဂများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်များက သဘောတူညီထားပြီး ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့မှာ အစီအစဉ်ရှိတယ်။ အဲဒါကို လောလောဆယ် ချပြလို့ မရသေးဘူး။ ပိုမိုအားကောင်းပြီး ပြင်းထန်တဲ့ သပိတ်စခန်းမျိုးတွေ လုပ်ဖို့တော့ ဆွေးနွေးကြမယ်” ဟု တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့ဝင်တစ်ဦးက The Voice သို့ ရှင်းပြသည်။

ဇန်နဝါရီလ ၁၇ ရက်နောက်ပိုင်းတွင်မှ နိုင်ငံတစ်ဝန်း သပိတ်စခန်း အစီအစဉ်များကို တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ဗ.က.သ အဖွဲ့ဝင် ကျောင်းသားတစ်ဦးက ဆိုသည်။

ယင်းနှင့် ပတ်သက်၍ အဆင့်မြင့်ပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကမူ “လုပ်သင့်လုပ်ထိုက်တာ အကုန်လုံးတို့တွေလည်း လုပ်နေတာပဲ။ ရိုးရိုးပြည်သူ ပြည်သား တစ်ယောက်အနေနဲ့ ဖြေကြည့်ပါဦး။ ပြင်းထန်တဲ့ သပိတ်ပဲဖြစ်ဖြစ်၊ မပြင်းထန်တဲ့ သပိတ်ပဲဖြစ်ဖြစ်၊ ဘယ်သပိတ်မှ ဘယ်သူကမှ မဖြစ်စေချင်ဘူး” ဟု ပြန်လည် တုံ့ပြန်ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့တော်တွင် အမျိုးသား ပညာရေးဥပဒေ အလိုမရှိကြောင်း သပိတ်မှောက်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ယင်းဥပဒေ ရေးဆွဲစဉ်ကတည်းက ပညာရေး ဝန်ကြီးဌာနနှင့် ကျောင်းသားသမဂ္ဂများအကြား နားလည်မှု ကွဲလွဲနေပြီး လက်ရှိ အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်းကို ကျောင်းသားသမဂ္ဂအားလုံး ကန့်ကွက်ကြောင်း ကြေညာထားသည်။

အမျိုးသား ပညာရေးဥပဒေကို အောက်တိုဘာလဆန်းတွင် နိုင်ငံတော်သမ္မတက တရားဝင် အတည်ပြု ပြဋ္ဌာန်းထားသည်။

The Voice Weekly

No comments:

Post a Comment