Friday, January 30, 2015

ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောက်ပန်းတောင်းမြို့ရှိ ကျောင်းသူကျောင်းသားများအပါအ၀င် ဒေသခံသောင်းချီ ကြိုဆို


အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက် လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသား သပိတ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ရာ ကျောင်းသူ ကျောင်းသားများ အပါအဝင် ဒေသခံ သောင်းချီ ကြိုဆိုခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသားများသည် ကျောက်ပန်းတောင်း စက်မှုလက်မှုသိပ္ပံရှေ့တွင် ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး မြို့ခံကျောင်းသားကျောင်းသူများက တစ်ခဲနက် ကြိုဆိုပြီး ကျောင်းသားများနှင့်အတူ လမ်းလျှောက် ချီတက်ခဲ့သည့်အပြင် မြို့ခံများပါ အတူလမ်းလျှောက် ချီတက်ခဲ့ကြသည်။ ယင်းနောက်
ကျောင်းသားများက မြို့ခံလူထုအား အမျိုးသားပညာရေးဥပဒေအား မန္တလေးမြို့မှ ရန်ကုန်မြို့သို့အရောက် လမ်းလျှောက်သပိတ်မှောက်နေရခြင်းအကြောင်းနှင့် ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
“နောက်ရက်ဆက်သွားမယ့် ခရီးစဉ်အနေနဲ့က ကျွန်တော်တို့ ညပိုင်းမှာ ကျောင်းသားတွေနဲ့ အစည်းအဝေးထိုင်ရဦးမယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ကြိုဆိုထောက်ခံအားပေးနေမှုတွေနဲ့ ချီတက်နေတဲ့ ကျောင်းသားထုရဲ့ ဆန္ဒအရဆိုရင် နဂိုအစီအစဉ်အတိုင်း မန္တလေးကနေ ရန်ကုန်အထိအရောက် ချီတက်သွားဖို့ ရှိပါတယ်။ အစီအစဉ်အရ ပြောရမယ်ဆိုရင် ချောက်မြို့နယ်အတွင်းက ဂွေးပင်ကျေးရွာမှာ ညအိပ်ရပ်နားသွားဖို့ စီစဉ်ထားပါတယ်။ မနက်ဖြန်မှာ ကျောင်းသားစစ်ကြောင်းဟာ ဆက်လက် ချီတက် သွားမှာပါ”ဟု လမ်းလျှောက်သပိတ်မှောက်အဖွဲ့ မှ ကိုသန့်ဇင်က ပြောကြားသည်။

“တောင်သာနဲ့ ဝဲလောင်နှစ်နေရာမှာ တားတယ်။ အဲဒါတွေကို ပုံစံမျိုးစုံနဲ့ ဗျူဟာသုံး ကျော်ဖြတ်ခဲ့တယ်။ အဓိကကတော့ ပြည်သူတွေ ဝန်းရံတာများလို့ ဒီလိုကျော်ဖြတ်နိုင်တာ ဖြစ်တယ်။ တွေ့ဆုံပွဲ သွားတဲ့လူတွေကို ပြောလိုက်တာက ဒီသပိတ်စစ်ကြောင်းကို ပုပ္ပါးအထိပဲ တာဝန်ယူမယ်။ နောက်လမ်းပိုင်းကို ပြည်ထဲရေးဝန်ကြီးက ကိုင်တွယ်မယ်။ ပုဒ်မ ၁၄၄ ထုတ်ပြီး ပစ်ခတ်ဖို့အထိ ဘယ်လိုမျိုးမဆို သပိတ်စစ်ကြောင်းကို ပြိုကွဲဖို့ အထိလုပ်ဖို့ အစိုးရဝန်ကြီး ဦးအောင်မင်းက အစ ပြောကြားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ထွက်ဖို့ အကြမ်းဖျင်းသဘောတူထားတယ်။ ထပ်ပြီး အစည်းအဝေးထိုင်ပြီး ထုတ်ပြန်မယ်” ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။မိန့်ခွန်းပြောကြားနေစဉ် အတွင်း စက်မှုလက်မှု သိပံ္ပကျောင်းဝင်းတံခါးများကို ပိတ်ထားပြီး နောက်ပိုင်းတွင် ပြန်လည်ဖွင့်ပေး ခဲ့ကြောင်း၊ မြို့အတွင်းသို့ ဝင်ရောက်ချိန်တွင် အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံများစွာ ကြိုဆိုနေကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် ပြည်၊ ဥသျှစ်ပင်တို့မှ နာကူအသင်းများလည်းပါဝင်ပြီး ကျောက်ပန်းတောင်းမြို့ခံ အရပ်ဘက်ဖွဲ့အစည်းများလည်း လမ်းကြောင်းတစ်လျှောက် လိုက်ပါဝန်းရံခဲ့ကြောင်း နာကူအဖွဲ့များထံမှ သိရသည်။

သပိတ်မှောက်ကျောင်းသားများသည် ကျောက်ပန်းတောင်းမြို့တွင် တစ်ညတာ ညအိပ်ရပ်နားသွား မည်ဖြစ်ကာ ဇန်နဝါရီ ၃ဝ ရက်တွင် မန္တလေးတိုင်းဒေသကြီးမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်မြို့နယ်သို့  ဆက်လက်ချီတက် လမ်းလျှောက် သပိတ်မှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်သပိတ်မှောက် ဆန္ဒပြနေကြသည့် ကျောင်းသားများ၏ သပိတ်စစ်ကြောင်းသည် ၎င်းတို့တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရမည့် (အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ) ဖေဖော်ဝါရီ ၁ ရက်တွင် သပိတ်အား ရပ်နားပေး သွားရန် စီစဉ်ထားကြောင်းသိရပြီး တောင်းဆိုထားချက်များအတိုင်း လိုက်လျောပေးမှု မရှိပါက သပိတ်စစ်ကြောင်းအား ရန်ကုန်သို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment