Sunday, January 11, 2015

သစ်ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်အစီး ၄၈၀ ကျော်ကို မြစ်ကြီးနားသို့ သယ်ယူ


တရုတ်နိုင်ငံသား တစ်ရာကျော် ပါဝင်သော ကချင်ပြည်နယ် သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိခဲ့သော သစ်တင်ယာဉ်နှင့် သစ်ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်များကို မြစ်ကြီးနားသို့ သယ်ယူနေပြီ ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် လေကြောင်း ကင်းထောက်မှုများအရ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသများတွင် တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီလ ၂ ရက်မှ ၅ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက်ခဲ့ရာ သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသား ၁၁၉ ဦးနှင့် မြေကော်ယန္တရား ယာဉ်ငါးစီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်လေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊
သစ်တင်ယာဉ် (အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ်လေးစီး၊ ကရိန်းငါးစီး စုစုပေါင်း ယာဉ် ၄၈၃ စီးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်များကို သယ်ယူနိုင်ရန်အတွက် တပ်မတော်မှ ယာဉ်မောင်းများ၊ ယန္တရားမောင်းများနှင့် စက်ပြင်စစ်သည် စုစုပေါင်း ၄၃၅ ဦးကို မြစ်ကြီးနားသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်များသယ်ယူတွင် အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် စစ်မြေပြင် အင်ဂျင်နီယာတပ်များက လမ်းများ ပြုပြင်ဖောက်လုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးမိခဲ့သော တရုတ်နိုင်ငံသား ၁၁၉ ဦးကို တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု၊ သစ်တောဥပဒေများနှင့် တရားစွဲဆိုရမည် ဖြစ်ပြီး လ.ဝ.က ဥပဒေ တစ်ခုတည်းဖြင့် တရားစွဲဆိုမည် ဆိုခြင်းမှာ မသင့်တော်ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြားသည်။

ကိုယ်နိုင်ငံသားတွေကို စာတစ်စောင် ပို့မိလို့ ပုဒ်မ အကြီးကြီးတွေ တပ်ပြီး အရေးယူခဲ့တာ၊ မျောစာမပါဘဲ ကျွန်းတံခါးတစ်ချပ် သယ်မိလို့ ထောင်ချခဲ့တာတွေ လုပ်ခဲ့ပြီး တရုတ်တွေကြမှ လဝက ဥပဒေနဲ့ ဒဏ်ငွေရိုက်ပြီး ပြည်နှင်ဒဏ်ပေးမယ် ဆိုတာ မဖြစ်သင့်ဘူးဟု ၎င်းက မှတ်ချက်ပေးသည်။

တရုတ်နိုင်ငံသား တစ်ရာကျော်အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတ ကိုင်တွယ် ဆောင်ရွက်စေ လိုသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေက ပြောကြားသည်ဟု တရုတ်မှ လာသော သတင်းများကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာ အချို့တွင် ဖော်ပြသည်။

The Voice Weekly

No comments:

Post a Comment