Sunday, January 11, 2015

တပ်မတော် ပြုပြင်ပြောင်းလဲမှု အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ တွေ့မည်


ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အဆင့်မြင့် မြန်မာ့တပ်မတော် ဖြစ်လာစေရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ထိုတွေ့ဆုံပွဲသို့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နောစကီး ဦးဆောင်သည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွမ်မာလင်နောစကီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန် ပစိဖိတ် စစ်ဌာနချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီဂျီ ကရပ်ခ်ျချက်ဖီးလ်၊ ဒုတိယ လက်ထောက် ကာကွယ်ရေးဝန်ကြီး သောမက်စ်ဟာဗေးနှင့် အမေရိကန် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အေဂျင်စီ ဒုတိယ လက်ထောက်အုပ်ချုပ်ရေးမှူး ဂျေဆင်ဖိုလေတို့ ပါဝင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်မှ ၁၅ ရက်ထိ ပြုလုပ်မည့် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။

အမေရိကန်နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်နှစ်ရပ် တွေ့ဆုံရာတွင် မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များအပြင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး တင်းမာမှုနှင့် ပဋိပက္ခ၊ လူနည်းစုများကို ကာကွယ်ရေး၊ ရခိုင်ပြည်နယ် အခြေအနေတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လေ့လာရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့အစည်းဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်အစိုးရက တိုက်တွန်းထားသော လူ့အခွင့်အရေး ကိစ္စရပ်များကို မြန်မာအစိုးရ လိုက်နာမှု ရှိမရှိ ပြန်လည်သုံးသပ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment