Thursday, January 29, 2015

ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော IS အဖွဲ့၏ ဗီဒီယိုဖိုင် ထွက်ပေါ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ IS က ၎င်းတို့လက်တွင်းရှိ ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက် ထားသော ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဗီဒီယိုဖိုင်ထဲတွင် ဂျပန်လူမျိုး ဓားစာခံ မစ္စတာဂိုတို၏ အသံဟု ယူဆရသော အသံတစ်ခုက ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ် ခံထားရသော အီရတ်အမျိုးသမီး တစ်ဦးကို မလွှတ်ပေးပါက IS အဖွဲ့က ၎င်းနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူးတို့ကို သတ်ပစ်လိမ့်မည်ဟု ပြောကြာထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ IS အဖွဲ့၏ အဆိုပါ ဗီဒီယိုဖိုင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဂျပန်နိုင်ငံသည် ဓားစာခံများ လွတ်မြောက်ရေးအတွက် ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

IS အဖွဲ့သည် ၎င်းတို့လက်တွင်း ကျရောက်နေသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး အတွက် ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးရန် တောင်းဆိုခဲ့ရာ ထိုတောင်းဆိုမှုကို ဂျပန်အစိုးရက ငြင်းပယ်လိုက်ပြီးသည့် နောက်တွင် ဂျပန်လူမျိုး ဓားစာခံ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သော မစ္စတာ ဟာရူနာယူကာဝါကို သတ်ပစ်လိုက်ပြီဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ယခုနောက်ဆုံး ထွက်ပေါ်လာသော ဗီဒီယိုဖိုင်ထဲတွင် ဆာဂျီဒါ အယ်လ်ရီရှောဟု အမည်ရသော အီရတ်အမျိုးသမီးကို ဂျော်ဒန်အစိုးရက မလွှတ်ပေးပါက မစ္စတာဂိုတိုနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူး မိုရက်ဇ်အယ်လ်ကာကာ ဆာဘာ့ခ်ျတို့ကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ယင်းဗီဒီယိုထဲမှ အသံရှင်က ခြိမ်းခြောက်ထားသည်။
အယ်လ်ရီရှောသည် အယ်လ်ကေဒါ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်က လူပေါင်း ၆၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုတွင် ပူးပေါင်းပါဝင်ခဲ့မှုဖြင့် ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။
IS အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသော ကင်ဂျီဂိုတိုသည် ထင်ရှားသော သတင်းစာဆရာနှင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတစ်ဦး ဖြစ်ပြီး ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းက ဆီးရီးယားနိုင်ငံသို့ သွားရောက်စဉ် IS အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်မည်ဟု ယူဆရသည်။
မစ္စတာဂိုတိုသည် IS အဖွဲ့က ဖမ်းဆီးထားသော ဂျပန်လူမျိုးတစ်ဦး ဖြစ်သည့် ယူကာဝါကို ကယ်တင်ရန် ဆီးရီးယားသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး တနင်္ဂနွေနေ့က ထွက်ပေါ်ခဲ့သော ဗီဒီယိုဖိုင်ထဲတွင်မူ မစ္စတာဂိုတိုသည် မစ္စတာ ယူကာဝါ၏ အလောင်းဟု ယူဆရသည့် ဓာတ်ပုံတစ်ခုကို ကိုင်ထားသည်ကို တွေ့ရသည်။
အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် IS အဖွဲ့၏ နောက်ဆုံး ဗီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီးသည့် နောက်တွင် မစ္စတာဂိုတို၏ မိဘများနှင့် ဂျော်ဒန်လေယာဉ်မှူး၏ မိသားစုတို့က ၎င်းတို့၏ သားများ လွတ်မြောက်ရေးအတွက် မည်သည့်နည်းဖြင့်မဆို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရများကို အနူးအညွတ် တောင်းပန်ခဲ့ကြသည်။
The Voice Weekly

No comments:

Post a Comment