Wednesday, January 21, 2015

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ်သလဲ ဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။ ကချင်ပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးကို ခေတ္တထိန်းသိမ်းပြီး ရဲတပ်ဖွဲ့ဝင်များကို KIA ဖမ်းဆီးမှု သည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကို မထီမဲ့မြင် စော်ကားရာရောက်သလို တပ်မတော်ကိုလည်း လက် တစ်လုံးခြား သွေးတိုးစမ်းသည့် သဘောဖြစ်နေသည်။ အစိုးရအဖွဲ့ဝန်ကြီးကို ခေတ္တထိန်းသိမ်းမှုသည် လုံးဝလက်သင့် မခံနိုင်သော လုပ်ရပ်ဖြစ်သလို အစိုရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်များကို ကြိုးတုပ်ဖမ်းဆီးမှုသည်လည်း ဥပဒေမဲ့ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် တပ်မတော်က ၀င်ရောက်ဖြေရှင်းခဲ့ရခြင်း ဖြစ်ပါသည်။


ဖားကန့်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းများ အနေဖြင့် ဖမ်းဆီးခံရသူ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေး အတွက် နယ်မြေရှင်း လင်းရေးဆောင်ရွက်ခြင်းကို ကြိုတင်စောင့်ဆိုင်းနေသော KIA အဖွဲ့များက ပစ်ခတ်မှုမှ အစပြုပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများမှ ဖားကန့်မြို့နယ် အတွင်းရှိ ကျွန်းတော စခန်းကုန်း၊ ဂေါက်ကွင်းကုန်း၊ ပွိုင့် ၅၂၂ ၊ ပွိုင့် ၇၀၉ ၊ အောင် ဘာလေ၊ ကံဆီး လမ်းဆုံ စသည့် စခန်းအားလုံးကို သိမ်းထားနိုင်ခဲ့သည်။ ထိုစခန်းများတွင် တပ်မတော်မှ အခိုင်အမာ နေရာယူထားပြီးနောက် တိုက်ပွဲများ လည်း ထပ်မံဖြစ်ပွားခြင်းမရှိတော့ပါ။

တိုက်ပွဲစဖြစ်သော ဇန်န၀ါရီ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များ တွင် အောင်ဘာလေရွာသားများအားလုံး ရွာထဲ၌ အေးအေး ဆေးဆေး နေ ထိုင်ကြသည်ကို တွေ့မြင်နေရပါသည်။ ဒါပေမယ့် ဇန်န၀ါရီ ၁၇ ရက်နေ့ရောက်တော့ ရွာ သားများကို KIA အဖွဲ့က ရွာထဲတွင် မနေရန် မောင်း ထုတ်နေ သည်ဟု သိရသည်။ တိုက်ပွဲရဲ့ ဆိုးကျိုးမသက်ရောက်သော အောင် ဘာ လေ ရွာသားများကို KIA အဖွဲ့က ဘာ့ကြောင့် မောင်းထုတ်ခဲ့ရသနည်း။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ် တိုင်း ဒေသခံတွေကို ဒုက္ခသည်များ အဖြစ် အသုံးချရန်မှတစ်ပါး အခြားမဖြစ်နိုင်ပါ။

ထို့ကြောင့် အောင်ဘာလေရွာသားများသည် ရွာနှင့် ၃ မိုင်လောက်ဝေးသော ကံဆီးရွာကို ရွှေ့ပြောင်းကြရသည်။ တကယ်တမ်းပြောရရင် ကံဆီးဆိုတဲ့နေရာ ဟာ တိုက်ပွဲဖြစ်သောနေရာနှင့် လွတ်လွတ်ကင်းကင်း နေရာဖြစ်ပါသည်။ ကံဆီးကို အောင်ဘာလေရွာသားတွေလည်း ရွေ့လာရော KIA က ဒုက္ခသည်တွေကို ကယ်တင်ရမယ်ဆိုပြီး အသံလွှင့် လိုက်ပါတော့သည်။ ကံဆီးက အောင်ဘာလေရွာသားတွေကို ဒုက္ခသည်များအဖြစ် ဖန်တီးပြီး အစိုးရတပ်တွေက လာတိုက်သည့်အတွက် ဖားကန့်ကိုပြေးရသည့် ပုံစံလုပ်လာသည်။ တပ်မတော်က လာတိုက်သည့်အတွက် စစ်ပြေးဒုက္ခ သည်များ ထွက်ပြေးလာရသည်ဟု အများမြင်အောင် KIA က လုပ်ကြံဇာတ်လမ်း ဆင်ခြင်းဖြစ်ပါသည်။

တစ်ဖန်အဲဒီလို ပြေးလာတဲ့ ရွာသားတွေကို တပ်တော်က လူသားတံတိုင်းအဖြစ် အသုံးချနေတယ်ဆိုပြီး KIA က ကုန်းအော်တော့သည်။ ထိုစကားကို ယုံကြည်သူများကတော့ စိတ်သိပ်မနှံ့သူများသာ ဖြစ်ကြပါလိမ့်မည်။ တကယ့် မြေပြင်မှာက ကံဆီးနဲ့ အောင်ဘာလေရွာကြားမှာ တပ်မတော် စစ်ကြောင်းများ ရှိနေပါသည်။ စခန်းအားလုံးကိုလည်း သိမ်းထားပြီးသားဖြစ်၍ KIA ကို တိုက်စရာမလိုတော့ပါ။ ရှင်းရှင်းပြောရလျှင် KIA က တပ်မတော် စစ်ကြောင်းများ ကို မတိုက်ရဲဘဲ ဆုတ်ခွာသွားတဲ့အတွက် ရွာသားတွေကို အသုံးချစရာမလိုပါ။ လူသားတံတိုင်းအဖြစ် အသုံးချရန်မလိုဘဲ ရွာသားတွေ KIA ခြိမ်းခြောက်လို့ ရွှေ့ပြောင်းနေတာကို ဒီအတိုင်း ကြည့်နေခဲ့တာဖြစ်ပါသည်။

အဖြစ်မှန်ကို သိနေသော အောင်ဘာလေရွာသားအချို့ဟာ KIA ခိုင်းလို့ လုပ်နေရပေမယ့် သူတို့ကိုယ်သူတို့ ဒုက္ခသည် တွေအဖြစ် မခံယူဘူးလို့ ဖွင့်ဟပြောလာပါသည်။ တိုက်ပွဲများဖြစ်အောင် KIA က ဖန်တီး တာဖြစ်ပြီး ဒေသ ခံများအား ဒုက္ခသည်အဖြစ် အသုံးချတာကိုလည်း အံ့အားသင့် ရကြောင်း ပြောပြခဲ့ပါသည်။ ပြည်တွင်းမီဒီယာများမှာ ဒေသခံ ပြည်သူများကို ဒုက္ခသည်အဖြစ် KIA ဖန်တီးနေခြင်းကို ဖွင့်ချရေးသားခြင်းမပြုဘဲ တပ်မတော်က လူသားတံတိုင်းအဖြစ် အသုံးပြုနေသည်ဟု လိမ်ညာပြောဆိုမှုအပေါ် ယုံကြည်မှုများရှိနေခြင်းက ပိုပြီး အံ့အားသင့်ရကြောင်း အောင်ဘာလေ ရွာသားတစ်ဦးက ရင်ဖွင့်ပြောကြားသွားခဲ့သည်။

အချုပ်ပြောရလျှင် KIA အနေနဲ့ ကိုယ်မွှေးတဲ့မီးကို ကိုယ်နိုင်အောင် ငြိမ်းဖို့လိုပါ သည်။ ငြိမ်းချမ်းရေး မလိုချင်၍ ကြိုတင် ကြံစည်မှုများကြောင့် ဖြစ်ပွားလာသော တိုက်ပွဲများကို ကိုယ့်ဘာသာအဆုံးသတ်ရန် လိုအပ်ပါသည်။ အပြစ်မဲ့ဒေသခံ ပြည်သူများကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေခြင်းကို ရပ်တန်းကရပ် သင့်ပါသည်။ အေးချမ်းစွာ နေထိုင်သော ရွာသားများ အား ပြေးလွှားပုန်းရှောင်နေ ရသော စစ်ပြေးဒုက္ခသည်များအသွင် ဖန်တီးခြင်း ဟာ လွန်စွာမှ အောက်တန်းကျ သောလုပ်ရပ်ဖြစ်ပါသည်။ KIA ၏ လုပ်ရပ်ကို အများပြည်သူကလည်း လက်သင့်မခံဘဲ စက်ဆုပ် ရွံရှာနေပြီဖြစ်သလို အသုံးချခံ ဒေသခံပြည်သူများ ကလည်း အဖြစ်မှန်ကိုသိနေပြီး နိုင်ငံရေး လက်နက်အဖြစ် အသုံးချအမြတ် ထုတ်ရန် ကြိုးပမ်းမှုသည် ရိုးအီနေသောလုပ် ရပ်ဖြစ်၍ အသုံးမ၀င်တော့ပါကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်

credit to >> နေ့စဉ်သတင်းများ

No comments:

Post a Comment