Thursday, January 29, 2015

ဆက်ကြေးငွေများမပေးသော ဒေသခံရွာသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးမှုများပြုလုပ်



ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ဆက်ကြေးငွေများ မပေးသော ဒေသခံ ရွာသားများအား ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထ၀မ်ကျေးရွာနေ ဒေသခံတစ်ဦးထံမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ တနိုင်းမြို့နယ်အတွင်း ဂျော်စွန်တောင် အနီးပတ်ဝန်းကျင်ရှိ လမုန်းချောင်းနှင့် တ၀မ်ချောင်းတစ်လျှောက် တွင် ဒေသခံများမှ ဘိန်းခင်းစိုက်ပျိုးတွေ့ရှိထားသည်ဟုအကြောင်းပြပြီး KIA အဖွဲ့များသည် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထိုဒေသရှိ ကျေးရွာများအား ကျေးရွာတစ်ရွာလျှင် ဆက်ကြေးငွေ ၂ သိန်းခွဲ ကောက်ခံခဲ့ကြောင်း နှင့် ဆက်ကြေးငွေ မပေးနိုင်သော တ၀မ်ကျေးရွာအား လူသစ်အဖြစ် ဒေသခံရွာသား ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ရွာက မပေးနိုင်ခဲ့ဘူး။ ဘိန်းလည်း ကျွန်တော်တို့ စိုက်မထားဘူး။ အဲ့ဒါကြောင့် လူ ၅ ယောက်ကို ဖမ်းသွားတာ။ ပိုက်ဆံ ၂ သိန်းခွဲရရင် ဂျော်စွန်တောင်ကို လာရွေးခိုင်းထားတယ်။ အခု ကျွန်တော်တို့ ပိုက်ဆံလိုက် ကောက်နေပါတယ် ”ဟု ကျေးရွာ အကြီးအကဲတစ်ဦးမှ ဆိုသည်။
အဆိုပါ KIA အဖွဲ့သည် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တနိုင်းမြို့နယ်အတွင်းရှိ အောင်ဘာမှော်နှင့် မျောက်လွှဲကျော် ကုန်းမှော်တို့တွင် ပယင်း ရောင်း/၀ယ် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များနှင့် မှော်အတွင်း နေထိုင်လျက်ရှိသော ပယင်းလုပ်သားများထံမှ ဆက်ကြေးငွေများကောက်ခံသွားခဲ့ကြောင်း သိရှိရသည်။
KIA အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးရ မည့်အချိန်တွင် ဆက်ကြေးကောက်ခံ ခြင်းနှင့် လူသစ်စုဆောင်းခြင်းများကိုသာ ပြုလုပ်နေသောကြောင့် ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေအုံးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလိုလားသော တနိုင်းမြို့ခံတစ်ဦးမှ ပြောကြားသွားသည်။
ကိုကျော်သူ

No comments:

Post a Comment