Friday, January 9, 2015

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ်နေခြင်းသည် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ အပေါ်တွင်သာ မူတည်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်သော လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း The Trade Times တွင် ဖော်ပြထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “ကျွန်တော်ကတော့ ဥက္ကဋ္ဌ ဒီလိုဆုံးဖြတ်ချက် ချမယ်လို့ မယုံဘူး၊ အဲဒါသတင်းမှား တစ်ခုပါ” ဟု ဆိုသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဟု NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောကြားကြောင်း The Trade Times က ဖော်ပြထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်မည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိကြောင်း စာရေးဆရာ မုံရွာအောင်ရှင်က ငြင်းဆိုသည်။

“ကျွန်တော် အဲဒီလို လုံးဝမပြောခဲ့ပါဘူး၊ အားလုံးအသိပဲလေ ဒီအချိန်ဟာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားလုံးက ကြိုးစားပမ်းစား လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဖြစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေကြတာပါလို့ ပြောခဲ့တာ၊ နိုင်ငံခြားသားတစ်ယောက် ဆိုတော့ မြန်မာလို နားလည်မှု အားနည်းပြီး ရောထွေးသွားတာ ဖြစ်မယ်။ သေချာတာတော့ ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြိုးစားမည်ဟု ဖော်ပြချက်တွင် သတင်းမီဒီယာ ကျင့်ဝတ်အရ မှန်ကန်ကြောင်း The Trade Times မီဒီယာ အယ်ဒီတာချုပ် ဦးခင်မောင်အေးက ပြောကြားသည်။
“ဦးအောင်ရှင်က ပြောတာ သေချာပါတယ်၊ နိုင်ငံခြားသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးပါ ပါပါတယ်၊ သေသေချာချာ အချက်အလက်ရရှိလို့ ရေးသားထားတာပါ၊ တစ်ဖက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာတော့ မသိပါဘူး” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက NLD ပါတီက လွှတ်တော်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်နိုင်မည် မဟုတ်ပေ။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်သည် နားလည်မှု မှားယွင်းခြင်းကြောင့် မှားယွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်များက ငြင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် ပြင်ဆင်အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment