Sunday, January 11, 2015

ရိုဟင်ဂျာဟု သုံးနှုန်းခြင်းသည် OIC နှင့် မဆိုင်ကြောင်း သက်သေပြရန် ရန်ဟီးလီကို စစ်တွေမြို့မိမြို့ဖများ တောင်းဆို


ကုလသမဂ္ဂအနေဖြင့် ရိုဟင် ဂျာဟု သုံးနှုန်းဆောင်ရွက်နေခြင်းများသည် အစ္စလာမ်မစ်နိုင်ငံများ အဖွဲ့ (OIC) နှင့် မသက်ဆိုင်ကြောင်းသက်သေပြရန် စစ်တွေမြို့မိမြို့ဖအဖွဲ့က လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိ နေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ရန်ဟီးလီနှင့် စစ်တွေမြို့မိ မြို့ဖအဖွဲ့တို့ ဇန်န၀ါရီ ၁၀ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘ရိုဟင်ဂျာလို့ ဆောင်ရွက်နေမှုတွေဟာ ရိုးသားမှုမရှိဘူး။ နောက်ကွယ်မှာ ကြီးမားတဲ့အကြံအစည်ရှိတယ်။ OIC နဲ့ မကင်းဘူးလို့ ယူဆတယ်။ ဒါကြောင့် OIC နဲ့ ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့ ကျွန်တော်တို့က ဆွေးနွေးခဲ့တယ်’’ဟု စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင်ဦးသန်းထွန်းက ပြောသည်။ ရန်ဟီးလီက ရခိုင်ပြည်နယ် ရှိ မွတ်စလင်များကို လူသားချင်းစာနာမှုအမြင်ဖြင့် ကြည့်ရှုရန် ပြောကြားခဲ့ပြီး မြို့မိမြို့ဖအဖွဲ့က လည်း လူသားချင်းစာနာသည့်အမြင်ကို နားလည်သော်လည်း နိုင်ငံသားဖြစ်ခွင့်မှာ တည်ဆဲဥပဒေများနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။ ရန်ဟီးလီသည် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC) နှင့်လည်း ဇန်န၀ါရီ ၁၀ ရက်က တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ရန်ဟီးလီသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများ လေ့လာရန် မြန်မာနိုင်ငံသို့ ၁၀ ရက်တာ ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment