Saturday, February 28, 2015

ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို

မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် လစာငွေများကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်တွင် မအူပင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေသည်ဟု မအူပင်မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မအူပင်မြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို လစာငွေများ ထုတ်ပေးရန်အတွက်ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမ ငါးဦးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၁၅၁၄ ဦးအတွက် လစာငွေ စုစုပေါင်း ကျပ် ၂ဝ၁ဝ သိန်းကျော်ကို ထုတ်ယူခဲ့ကြောင်း၊ ယင်းသို့ ထုတ်ယူရာတွင် လစာငွေများကို တစ်အုပ်ခြင်း စိစစ်ခြင်းမပြုခဲ့ဘဲ ပိုက်ဆံအုပ်အရေအတွက်ကိုသာ စိစစ်ခဲ့ကြောင်း၊ ယင်းငွေများကို ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးမှ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများထံ ခွဲဝေပေးခဲ့ကြောင်း၊ နယ်မြေတာဝန်ခံများထံသို့ လစာငွေများ
ခွဲပေးရာတွင် မြို့နယ်ပညာရေးဌာန၏ သတ်မှတ်ချက်နယ်မြေ (၃) တွင်းရှိ ကျောင်းများကို ခွဲပေးသည့် လစာငွေများတွင် ငါးထောင်တန်ငွေစက္ကူအထုတ် (၁ဝ) ထုတ် အတွင်း၌ ငွေသားထုတ်၏ အပေါ်ဖက်နှင့် အောက်ဖက်တွင်သာ ငွေစက္ကူများပါဝင်ပြီး၊ ကျန်သည့်အရာများမှာ စက္ကူဖြူများသာဖြစ်နေသည်ကို တွေ့ရှိရသောကြောင့် မြို့နယ်ပညာရေးမှူးရုံးသို့ ပြန်လည်အကြောင်းကြားခဲ့၍ ဒုမြို့နယ်ပညာရေးမှူးမှ မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်သွားရောက် အကြောင်းကြားခဲ့ကြောင်း သိရသည်။ “ရုံးငွေအတွက် ၂၉ သိန်း၊ မူလတန်းနဲ့ အလယ်တန်းကျောင်းဆရာ၊ ဆရာမတွေ လစာအတွက် ကျပ် ၁၉၁၈ သိန်း ထုတ်တယ်။ အဲဒီအထဲကမှ ငါးထောင်ကျပ်တန်ထုတ် ဆယ်စီးအုပ်ထဲမှာ ငွေစက္ကူအစစ်က ၁၃ ရွက်ပဲပါတယ်၊ ကျန်တာက စက္ကူဖြတ်စတွေ ဖြစ်နေတယ်၊ မြန်မာစီးပွားရေးဘဏ်ကို သက်သေခံအဖြစ် ပြန်ပို့ထားတယ်”ဟု ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။ ငွေစက္ကူထုတ်များအတွင်း စက္ကူစများ ရောနှောပါဝင်နေသည့်အကြောင်းကို ပညာရေးဌာနမှ မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အကြောင်းကြား ရာတွင် ဘဏ်မန်နေဂျာက ဘဏ်မှ ထုတ်ထားပေးသည့် ငွေသားများမှာ ပြန်လည်လာရောက်ပြသည့် ငွေသားများ မဟုတ်ကြောင်း၊ မိမိတို့ဘဏ်မှ ထုတ်ပေးသည့် ငွေသားများမှာ ပီနန်ကြိုးများဖြင့်သာ စည်းထားခြင်းဖြစ်ပြီး၊ ပညာရေးဌာနမှ လာရောက်ပြသည့် ငွေသားများတွင် စည်းထားသော ငွေသားများမှာ မိမိတို့ဘဏ်မှ မဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပြီး ယင်းငွေများကို လက်ခံထားခြင်းမရှိဘဲ မှတ်တမ်းဓာတ်ပုံများသာ ရိုက်ကူးယူထားခဲ့ကြောင်း မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သတင်းရရှိသည်။ မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် လုံခြုံရေးအရ CCTV ကင်မရာများကို တပ်ဆင်ထားပြီး တပ်ဆင်ထားသည့် ကင်မရာများမှတစ်ဆင့် ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးနေကာ ပညာရေးဌာနမှ ငွေစက္ကူများ မှားယွင်းလွဲချော်နေမှုအတွက် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအားလုံးကို တစ်ဦးလျှင် ၃၃ဝ၃ ကျပ် ဖြတ်တောက် ကောက်ခံကာ လစာမရရှိသေးသည့် ဝန်ထမ်းများကို လစာငွေများ အညီအမျှ ခွဲဝေပေးထားကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment