Tuesday, March 31, 2015

မတရား သိမ်းဆည်းထားသော လယ်ယာမြေ အားလုံး ရာနှုန်းအပြည့် စွန့်လွှတ်ရန် ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် တိုက်တွန်း


                ဧရာဝတီ တိုင်းဒေသကြီး အတွင်း မတရားသိမ်းဆည်း ထားသော လယ်ယာမြေများ အားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရာနှုန်းပြည့်  စွန့်လွှတ်ရန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က တိုက်တွန်း ပြောကြား လိုက်သည်။
            နိုင်ငံတော် စီမံကိန်း ဆိုသော်လည်းပဲ သူများဆီက သိမ်းထားရင် ဧကတစ်ရာသိမ်း ထားရင်တော့ တစ်ရာပြန် စွန့်လွှတ် ရမယ်။ နှစ်ရာ သိမ်းထား နှစ်ရာ စွန့်လွှတ်ရမယ်။ ဘာမှ ဈေးဆစ်စရာ အကြောင်း မရှိဘူး။ သူများဆီက သိမ်းထာ တာက မတော်မတရား။ ဌာနပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီပဲ ဖြစ်ဖြစ် ဘယ်သူမှ မတော်မတရားယူလို့ မရတာလေ။ ဟိုတုန်းကတော့ မပြောရဲဘူးပေါ့ အခုတော့ ပြောလာတာ ပေါ့နော်၊ ပြောလာတော့ တကယ်ပေး သင့်တယ် ဆိုရင်တော့ ရာနှုန်းပြည့် ပြန်ပေး ရမယ်။ နိုင်ငံတော် စိုက်ကွင်း မအောင်မြင်လို့ ဘာမှ မဖြစ်ဘူး ဒီမှာက ရှင်းလို့ မဆုံးတော့ဘူးလေ ဟု ၎င်းက ဆိုသည်။


                မတ်လ (၃၀) ရက်နေ့က ပုသိမ်မြို့ ဧရာ ရွှေဝါခန်းမတွင် ကျင်းပသော ဧရာဝတီ တိုင်းဒေသကြီး မြေအသုံးချမှု စီမံ ခန့်ခွဲရေး ကော်မရှင်၊ ခရိုင် မြို့နယ် မြေ အသုံးချရေး စီမံခန့်ခွဲ ရေး ကော်မတီတို့ လုပ်ငန်း ညှိနှိုင်း ဆွေးနွေး ပွဲတွင် တက်ရောက် လာသော တာဝန်ရှိသူ များကို ၀န်ကြီးချုပ် ဦးသိန်းအောင် က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ ဧရာဝတီ တိုင်းဒေသကြီး အတွင်း အစီရင်ခံစာ အပိုင်း (၁) မှ (၁၀)အထိ မြေယာ ပြဿနာ(၁၄၅၃)ခုကို ဖြေရှင်းဆောင် ရွက်ပေးရန် ညွှန်ကြား ထားသည်။

                အဆိုပါ မြေယာ ပြဿနာများတွင် တပ်ရင်း တပ်ဖွဲ့များမှ တပ်မြေများ တိုးချဲ့ခြင်း နိုင်ငံတော် စက်ရုံ အလုပ်ရုံများ အတွက် သိမ်းယူခြင်း စက်မှုဇုန်များ ဖော်ထုတ်ခြင်း နိုင်ငံတော် စီမံကိန်းများ ဖြစ်သည့် ကားလမ်း ရထားလမ်းများ ဖောက်လုပ်ခြင်း ကုမ္ပဏီ တပ်ရင်း တပ်ဖွဲ့ ဌာန ဆိုင်ရာများ စိုက်ပျိုးမွေး မြူရေး လုပ်ငန်း များတွင် အသုံးပြုခြင်း စသည်တို့ အတွက် သိမ်းယူ ထားသည်များ ပါဝင်သည်ဟု စုံစမ်းရေး ကော်မရှင်က ဆိုသည်။ ပြန် တောင်းထားတဲ့ ဧကကို လက်ရှိ ကတော့ ကကကြည်းရဲ့ သဘော ထားပါ၊ ပြန်စွန့် မစွန့်ကို မေးထား ပါတယ်။ ကက ကြည်းရဲ့ သဘောထား ပြန်မရ သေးပါဘူး ဟု အဆိုပါ ဆွေးနွေးပွဲသို တက်ရောက် လာသည့် တပ်မတော်သား ဗိုလ်မှူး တစ်ဦးက ပြောသည်။

                ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ လယ်ယာမြေ ပြဿနာများကို အချိန်နှင့် တစ်ပြေးညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိပါက တရားဥပဒေ စိုးမိုးရေးနှင့် ဒေသ တည်ငြိမ် အေးချမ်းရေး ကိုပါ ထိခိုက်လာ နိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေး ၀န်ကြီး ဦးစန်းမောင်က ဆွေးနွေးပွဲပထမနေ့ တွင် ပြောကြား ထားသည်။

                အဆိုပါ ဆွေးနွေးပွဲသို့ တိုင်း/ခရိုင် မြို့ နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မရှင်နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီမှ တာဝန် ရှိသူများ ဖြစ်သည့်မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဌာန များမှ တာဝန် ရှိသူများ၊ ကုမ္ပဏီများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦး စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ ကြသည်။
messengernewsjournal

No comments:

Post a Comment