Thursday, February 26, 2015

သမိုင်းကိုဘာကြောင့်လေ့လာသင့်သလဲ

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ''သမိုင်းကိုလေ့လာတာဟာ မအအောင်လို့'' ဟု တိုတိုနှင့် ထိထိမိမိပြောခဲ့ဖူးသည်။ နိုင်ငံရေးသုခမိန်တစ်ယောက်ကတော့ ''မိမိနိုင်ငံ မိမိလူမျိုးရဲ့ သမိုင်း အစဉ်အလာကိုမှမသိတဲ့ နိုင်ငံဟာ ကျွန်ဖြစ်ဖို့မခဲယဉ်းဘူး'' ဆိုပြီး ခပ်ကြမ်းကြမ်းပဲ ဝေဖန်ခဲ့သည်။
စာရေးသူအနေနဲ့ကတော့ ''နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏သမိုင်းကို သိကိုသိရမည့် တာဝန်ရှိသည်'' ဟု ပြောချင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်တွင်လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင်လည်းကောင်း မည်သည့်ဘာသာ ရပ်ကို သင်ယူရစေကာမူ သမိုင်းကိုတော့ လက်လွှတ်ရန်မသင့်ဟု တိုက်တွန်းလိုပါသည်။
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဟိုအရေး၊သည်အရေးစသည်အရေးကိစ္စများကို ဆောင်ရွက်ရာတွင် သမိုင်းသိသူနှင့် မသိသူတို့မှာ မည်

သို့မျှမတူညီနိုင်တော့ပါ။ စဉ်းစားတွေးခေါ်မြော်မြင်ဆုံးဖြတ်ရာတွင် သမိုင်းက အထောက် အကူလုံးလုံးပြုပါသည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော အလုပ်ကိစ္စများကို ဆောင်ရွက်နေကြသူများအတွက် သမိုင်းကိုသိဖို့ ပို၍ အရေးကြီးကြောင်း ခေတ်စနစ်များက မီးမောင်း
ထိုးပြကြသည်။သမိုင်းကို မည်သို့ရနိုင်သနည်းဆိုသော် စာပေကသာရနိုင်သည်။ သမိုင်းနှင့်ပတ်သက်သော စာပေများကို လေ့လာ၊ ဖတ်ရှု၊ မှတ်သားမှသာ သမိုင်းသိသူဖြစ်နိုင်သည်။ နိုင်ငံတော်တည်ဆောက်ရေး တွင် သမိုင်းသိရှိသူများနှင့် ဖွဲ့စည်းတည်ဆောက်ထားပါက ယင်းအဖွဲ့အစည်းသည် ကျစ်လျစ်ခိုင်မာမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များကိုလည်း ကျစ်လစ်ခိုင်မာ ရဲဝံ့စွာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုမျှလောက် အရေးကြီးပါ၏။
ယနေ့ကမ္ဘာတွင် ဇာတိပုညဂုဏ်မာနရှိသောနိုင်ငံများ တိုးတက်အောင်မြင်ကြ သည်။ ထိုသို့မဟုတ်က ကမ္ဘာ့အလယ်တွင် ညှိုးညှိုးငယ်ငယ်နေကြရ သည်။ ယင်းသည် သမိုင်းသာဖြစ်သည်။ ယနေ့ကမ္ဘာ၏တိုးတက်မှုသည် အရှိန်အဟုန်ပြင်းလှသည်။ မလိုက်နိုင်ပါက နောက်ကျကျန်ခဲ့မည်မှာ သေချာသည်။
လွန်ခဲ့သောအနှစ် ၂ဝ ခန့်ကနှင့် ယနေ့သည် မည်သို့မှမသက်ဆိုင် ယှဉ်မရအောင် ကွာခြားလွန်းလှသည်။ လူသည် အသိပညာအတတ်ပညာများကို နှောင်းလူများတွက်လက်ဆင့်ကမ်းပေးနိုင်ခဲ့သဖြင့်သာ၊ နှောင်းလူများက ရှေးရှေးသောလူများပေးခဲ့သည့် အသိဥာဏ်၊ ဗဟုသုတ၊ သမိုင်းတို့ကို ရယူပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ယင်းသည် စာပေကလွဲ၍ ဘာမှမရှိပါ။ ထို့ကြောင့် ယနေ့လူများသည် ရှေးရှေးသောကာလကလူများနှင့် မတူတော့ဘဲ ရှေးလူများ၏ ပုခုံးပေါ်တွင်ရပ်၍ ကြည့်ခွင့်ရသည့်အတွက်ကြောင့် ယခုကဲ့သို့ တိုးတက်လာရခြင်းသာ ဖြစ်သည်။
လူကလွဲ၍ အခြားသက်ရှိတိရိစ္ဆာန်များသည် ထိုသို့မဟုတ်၊ ကမ္ဘာဦးက နွား၏အသိဥာဏ်သည်၊ ယနေ့နွား၏ အသိဥာဏ်နှင့် ဘာမျှ ထူးခြားမှုမရှိ၊ အခြားတိရစ္ဆာန်များသည်လည်းထိုနည်းတူသာဖြစ်သည်။ လူသည်သာလျှင် ''လူ'' ဟု အမည်ပညတ်ထားသည်အတိုင်း တစ်လူလူ တက်လာနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် စာပေသည်လူ့ဘဝကြီး တစ်ခုလုံး၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြီးမားဆုံးသော အားကိုးအားထားဖြစ်သည်။ ထို့ကြောင့် စာပေကို ဖတ်ရှုလေ့လာခြင်းသည် အရေးကြီးလှသည်။ ထမင်းမစားလျှင် မဖြစ်သကဲ့သို့ဟုခံယူထားသင့်သည်။
စာပေဆိုသည်မှာလည်း သမိုင်းထဲက သမိုင်းကဏ္ဍတစ်ရပ်သာဖြစ်သည်။ ယနေ့ဖြစ်ပျက်မှုမှန်သမျှသည် နောက်နေ့တွင် သမိုင်းထဲသို့ ရောက်သွား ရသည်။ ထိုနည်းတူ ဆင့်ကဲဆင့်ကဲဖြင့် သမိုင်းဖြစ်စဉ်ကြီး ဖြစ်လာရသည်။ရှေးအခါက ရာဇဝင်ဟုသင်ကြရသည်။ နောက်ပိုင်းတွင် သမိုင်းဟု အမည်ပြောင်းလဲသင်ကြရသည်။ ရာဇဝင်သည် သမိုင်းထဲပါဝင်သော်လည်း သမိုင်းသည် ရာဇဝင်သက်သက်သာမဟုတ်တော့၊ ရာဇဝင်သည် တစ်ချိန်က ဘုန်းမီးနေလတောက်ပခဲ့သော မင်းဘုရင်များအကြောင်းဖြစ်ပြီးသမိုင်းကအဆိုပါမင်းဘုရင်များနှင့် ပြည်သူများ၏ နိုင်ငံတော် တည်ဆောက်ရေးအတွက် မည်သို့မည်ပုံဆောင်ရွက်ခဲ့သည်ကို အထူးပြုလေ့လာသော ဘာသာရပ်ဖြစ်သည်။
တချို့က ဝေဖန်ပြောဆိုကြသည်ကို ကြားရဖူးသည် ''သမိုင်းဆိုတာ ပြီးပြီပဲ၊ နောက်ကြောင်းပြန်လေ့လာနေ လို့ ဘာအသုံးကျမလဲ'' ဆိုသည့် စကားလုံးကြီးကြီးဖြင့် ပြောသည့်သူများရှိသည်။ ယင်းတို့မှာ သမိုင်း၏တန်ဖိုးကိုမသိ၍သာ ထိုသို့ပြောခြင်းဖြစ်သည်။ ဘာအသုံးကျသနည်းဆိုသည်ကို ရေးရပါက စာတစ်စောင်ပေတစ်ဖွဲ့ရေး၍ပင် ကုန်အံ့မည်မဟုတ် အဓိကအချက်အချို့လောက်သာ တင်ပြရပါလျှင် ယနေ့လူသားကမ္ဘာကြီးသည် အတိတ်ကပေးသော သမိုင်းအပေါ်တွင် အခြေခံပြီး ရပ်တည်ဖွံ့ဖြိုးတိုးတက်လာရသည်ဆိုသည်ကိုတော့ ဆင်ခြင်ကြည့်တိုင်း သိနိုင်သည်။ ယနေ့ မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာဝင်အများစု ရှိသောနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော်က ဗုဒ္ဓသမိုင်းကြောင့် ပရိယတ္တိ၊ ပဋိပတ္တိတို့ကို လေ့လာသင်ယူခွင့်ရသည်။ ထိုသို့ ဤဤကုန်သော ဗုဒ္ဓသမိုင်းများက အမျိုးဘာသာသာသနာ၏ ရေသောက်မြစ် များဖြစ်သည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ပျူမြို့ပြနိုင်ငံများ၏သမိုင်းကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ယနေ့ကမ္ဘာက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ထိုသို့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်သမိုင်းများ ကမ္ဘာ့နိုင်ငံတိုင်းတွင် မရှိပါ။ အနည်းငယ်သော နိုင်ငံအချို့၌သာရှိပါ၏။ ယင်းတွင် မြန်မာနိုင်ငံပါဝင်သည်။
ဤသည်ပင် သမိုင်းလေ့လာခြင်း၏ရလဒ်ဖြစ်သည်။ သမိုင်း ကိုလေ့ လာခြင်းဖြင့် အတိတ်သမိုင်းကပေးသော သင်ခန်းစာများကိုရသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလယန္တရားကြီးသုံးခုတွင် ပစ္စုပ္ပန်သည်၊အတိတ်ကိုအခြေခံပြီး ဖြစ်တည်လာရသကဲ့သို့ အနာဂတ်သည်လည်း ပစ္စုပ္ပန်ကိုအခြေပြုပြီး ဖြစ်တည် လာရခြင်းဖြစ် သည်။ ယင်းတို့သည်ပင် သမိုင်းဖြစ်သည်။ သမိုင်းက သင်ခန်းစာများကိုရသည်။ သမိုင်းကဆောင်ရန် ရှောင်ရန်ကို သင်ပေးသည်။ သမိုင်း က လူသားတွေကို သစ္စာရှိစွာဖြင့် အစစသတိပေးသည်။ သွန်သင်ပေးသည် သမိုင်းက လူသားတွေကို ဆုံးမမှုများလည်းပေးသည်။ သမိုင်းက လူသားမျိုးနွယ်စုများ၏ အောင်မြင်မှု ဆုံးရှုံးမှုများကိုလည်း မီးမောင်းထိုးပြသည်။ မကုန်နိုင်ပါ ဤရွေ့ဤမျှ ဖတ်ရှုမိလျှင်ပင် သမိုင်းကို မည်သည့်
အတွက်ကြောင့် လေ့လာ မှတ်သားဖို့သင့်သနည်းဆိုသည်ကို သဘောတွေ့လောက်ပါမည်။ နိုင်ငံတော်၏ ရှေ့ဆက်သွားမည့်ခရီး
စဉ်များကို မောင်းနှင်ရာတွင်သမိုင်းစဉ်ကိုမသိပါက လက်ကိုင်ဘီးမပါသော မော်တော်ယဉ်ကို မောင်းနှင်သကဲ့သို့ ဖြစ်မည်။ ထို့ကြောင့် '' နိုင်ငံသား တိုင်းသည် သမိုင်းကို သိရမည့်တာဝန်ရှိသည် '' ဟုသာ စကားလက်ဆောင်ပါးလိုက်ချင်သည်။
ဦးကျော်ဇော (လှသိပ္ပံ၊ ရွှေဘို)

No comments:

Post a Comment