Wednesday, March 25, 2015

မူဆယ်မြို့ရှိ ဘဏ်များကို လက်နက်ကိုင်အဖွဲ့ တစ်ခုက စာပို့ထားသောကြောင့် လုံခြုံရေးတိုးမြှင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် များ ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ(၄)မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရန် အကြောင်းကြားစာများ ပေးပို့ထားသော ကြောင့် အဆိုပါမြို့နယ် အတွင်းရှိ ဘဏ်များ၌ လုံခြုံရေး တိုးမြှင့်ထားရကြောင်း ယင်းမြို့နယ် ဒေသခံ များထံမှ သိရသည်။

အဆိုပါဒေသ၌ အခြေစိုက်သည့် KIA တပ်မဟာ(၄) တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံရန် မတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့က ယင်းမြို့နယ်အတွင်းရှိ ဘဏ်များကို အကြောင်းကြားစာများ လာရောက်ပေးပို့ခဲ့ကြောင်း၊ ယင်းကြောင့် ဒေသခံရဲတပ်ဖွဲ့ဝင်များကို ဘဏ်များ၌ လုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရသည်ဟု ၎င်းတို့ကဆိုသည်။

“မတ်လ ၁၉ ရက်ကစပြီး ဘဏ်တွေကို KIA တပ်မဟာ(၄)နဲ့ လာရောက် တွေ့ဆုံဆွေးနွေးဖို့ စာပို့လာတယ်လို့ သိရတယ်။ ဒေသခံတွေကလည်း ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေ ပြန်ထုတ်ရမလား မထုတ်ရဘူးလားဆိုပြီး ဝေခွဲမရဖြစ် နေတယ်။ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အရင်က ဆီဆိုင်တွေနဲ့ အခြားစီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်ကြေးတောင်းခဲ့တာ ရှိခဲ့ပေမယ့် ဘဏ်တွေကိုတော့ တစ်ခါမှ ဆက်ကြေးငွေပေးဖို့ တောင်းဆိုတာမရှိခဲ့ဘူး” ဟု အသက် ၄၀ ဝန်းကျင်ရှိ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

မူဆယ်မြို့နယ် အတွင်းရှိ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိက ပိုင်ဘဏ်များသို့ KIA တပ်မဟာ (၄) တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးရန် အကြောင်းကြားစာများ ပေးပို့လာခြင်းနှင့် ပတ်သက်၍ မူဆယ်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)သို့ ဆက်သွယ် မေးမြန်းရာ ယင်းဘဏ်မန်နေဂျာက အတည်ပြု ပြောကြားခြင်းနှင့် ငြင်းပယ်ပြောကြားခြင်း မပြုသော်လည်း အကြောင်းစုံကို သိရှိလိုပါက အုပ်ချုပ်ရေးတာဝန်ရှိ အဖွဲ့အစည်းများထံ မေးမြန်းပါရန်သာ ပြောကြားသည်။

“မတ်လ ၁၉ ရက်က စပြီး မူဆယ် မြို့နယ်အတွင်းမှာရှိတဲ့ ဘဏ်တွေကို KIA တပ်မဟာ(၄) တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးစရာရှိလို့ မတ်လ ၃၀ ရက်နေ့မတိုင်မီ ဖုန်းဆက် အကြောင်းကြားဖို့ တရုတ်ဖုန်းနံပါတ်ပါ ရေးထားတယ်။ ဒါကြောင့် ဘဏ်တွေကို လုံခြုံရေး တိုးမြှင့်ချထားပါတယ်” ဟု မူဆယ်ခရိုင် အထွေထွေအုပ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အတည်ပြု ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုရှိသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့၌ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် မြဝတီဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ သမဝါယမဘဏ် စသည့် ဘဏ်ခွဲပေါင်း ၁၀ ခုကျော် ရှိသည်။

The Voice Weekly

No comments:

Post a Comment