Saturday, March 14, 2015

ရွှေတူးဖော်၍ ပျက်စီးသည့် လယ်ယာမြေများ လျော်ကြေးငွေ အပြည့်မရသေး


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံတွင် ရွှေတူးဖော်ရေးကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ၏ လျော်ကြေးငွေ အပြည့်အဝ မရသေးကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့ တောင်းဆိုထားတာ အပြည့်အဝ မရသေးဘူး။ သီးနှံ စိုက်ပျိုးလို့ မရတဲ့အတွက် သီးနှံလျော် ကြေးငွေ တောင်းတယ်။ တချို့က လယ်ယာတွေပျက်လို့ လယ်ယာမြေဖိုး တောင်းတာပါ။ ဒါပေမယ့် သူတို့က လယ်ယာမြေ အားလုံး ပျက်စီးမှ လျော်မယ်လို့ ပြော တယ်။ အခုထိ ပျက်စီးတဲ့ မြေဧက ၁၆၈ ဧကပဲ လျော်ကြေးရသေးတယ်”ဟု ဒေသခံဖြစ်သူ နန်းလာက ဧရာဝတီကို ပြောသည်။

ဒေသခံများ တောင်းဆိုထားသည့် လျော်ကြေးငွေ မြေဧက ၃၀၀ ဧကမှ ၁၆၈ ဧကသာ လျော်ကြေးငွေ ပေးခဲ့ကြောင်း၊ ကျန်မြေဧက များကို လျော်ကြေးငွေ မပေးခြင်းမှာ ကွင်းဆင်း စစ်ဆေးရာတွင် ပျက်စီးမှုမရှိ သဖြင့် မပေးခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာက ပြောကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

လျော်ကြေးငွေနှင့် ပတ်သက်ပြီး လိုက်လံဆောင်ရွက်ပေးနေသည့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “ကျနော်တို့ ကွင်းဆင်းစစ်ဆေးပြီး တကယ်ပျက်စီးတဲ့ လယ်ယာမြေ ၁၆၈ ဧကကို ပေးပြီးပါပြီ၊ တဧကကို ၆ သိန်း ၆ သောင်း ပေးပါတယ်။ ကျန် တဲ့ လယ်ယာမြေတွေကိုတော့ ပေးဖို့အစီစဉ် မရှိတော့ဘူး။ ဆက်တူးနေတဲ့ ကုမ္ပဏီတွေကိုလည်း အမှုဖွင့်ဖို့နဲ့ တူးနေတဲ့ စက်ပစ္စည်း တွေကိုလည်း သိမ်းလာခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ သတ္တုတွင်းနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက ၂၀၁၄ ခုနှစ် သြဂုတ်လ အတွင်း၌ ဒေသ ခံ များကို တွေ့ဆုံခဲ့ပြီး ပျက်စီးသည့် လယ်ယာမြေများကို ပြန်ပြုပြင်ပေးရန်နှင့် လျော်ကြေး ငွေများ ပေးမည်ဟု ပြောဆိုခဲ့ပြီး ရွှေတူးဖော်ရေး လုပ်ငန်းများကို လုံးဝရပ်ဆိုင်းရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

“ပျက်စီးသွားတဲ့ လယ်ယာမြေ ၄ ပုံ ၁ ပုံလောက်ပဲ လာပြင်ပေး သေးတယ်။ ရွှေတူးဖော်ရေး လုပ်ငန်း တွေလည်း အခုထိ ဆက်လုပ် နေ သေးတယ်။ ညပိုင်းနဲ့ မနက်အစောကြီးမှာ ခိုးလုပ်နေကြတယ်”ဟု ဒေသခံဖြစ်သူ နန်းလာက ဆက်ပြောသည်။

ရွှေတူးဖော်ရေး လုပ်ငန်းကို လယ်ယာမြေ ဧက ၃၀၀ တွင် ကုမ္ပဏီပေါင်း ၁၀ ခုကျော်က ရွှေတူးဖော်လျက် ရှိသဖြင့် ကျေးရွာအိမ်ခြေ ၉၀ ကျော် အခက်အခဲ ကြုံနေရကြောင်း၊ ရွှေတူးဖော်ခြင်းကြောင့် ထိုကျေးရွာများရှိ မြစ်ချောင်းများ တိမ်ကောမှု ကြုံနေရသည့်အပြင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် လယ်ယာများ ပျက်စီးပြီး စိုက်ပျိုးမရတော့ကြောင်း နားဟိုင်းလုံ ကျေးရွာ ဒေသခံများက ပြောသည်။

ဒေသခံ တဦးဖြစ်သူ စိုင်းနွံက“သက်ဆိုင်ရာက ကျနော်တို့ဆီကို ကွင်းဆင်းပြီး သေချာလာကြည့်တာ မရှိဘူး။ ဒေသခံတွေ အားလုံး လည်း လျော်ကြေးငွေ မရသေးဘူး။ ခိုးပြီးတော့ ရွှေတူးဖော်နေတာတွေကို ရပ်ဆိုင်းပေးပါ”ဟု ပြောဆိုသည်။

ထိုဒေသတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီ ၆၃ ခုရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့် ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၀ ခု ကျော်က ရွှေတူးဖော် လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောပြသည်။

ရွှေတူးဖော်မှုကြောင့် ဒေသခံများ အရေးပြား ရောဂါကို ခံစားနေရကြောင်း၊ လယ်ယာမြေများ ပျက်စီးမှု ကြောင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေကြသည့် ဒေသခံများ၏ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြောင်းလည်း ကိုစိုင်းနွံက ဆက်ပြောသည်။

ယခင်က ရွှေတူးဖော်မှုလုပ်ငန်းကို ဒေသခံ ကုမ္ပဏီငယ်များက တပိုင်တနိုင် လုပ်ဆောင်ခဲ့ကြပြီး ၂၀၀၇ ခုနစ်မှ စတင်၍ ကုမ္ပဏီကြီး များ ဝင်ရောက်လုပ်ကိုင်လာကြရာ စက်ကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြသောကြောင့် လယ်ယာမြေများနှင့် ချောင်းမြောင်းများ တိမ်ကောပျက်စီး လာသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

irrawaddy

No comments:

Post a Comment