Monday, March 9, 2015

ဘဝမှန် ပေါ်သွားသည့်အတွက် မိသားစုကို အိုင်အက်စ် ပါးကွက်သား ဂျီဟတ်ဒီဂျွန် တောင်းပန်


မျက်နှာဖုံး နောက်ကွယ်မှ မိမိ၏ ဘဝမှန် ပေါ်ပေါက်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့၏ ပါးကွက်သား ဂျီဟတ်ဒီဂျွန်က မိသားစုထံ တောင်းပန်ခဲ့ကြောင်း သိရသည်။

ကူဝိတ်ဖွား ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီသည် အိုင်အက်စ် တပ်ဖွဲ့၏ ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်သည့် မျက်နှာဖုံးစွပ် ပါးကွက်သား ဂျီဟတ်ဒီဂျွန်ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ၎င်း၏ မိသားစုသည် လူမြင်ကွင်းရှေ့ မထွက်ဝံ့လောက်အောင် ဖြစ်နေသည်။



အသက်(၂၆)နှစ်ရှိ အမ်ဝါဇီက ကြားလူတစ်ဦး၏ အကူအညီဖြင့် မိသားစုထံ ဆက်သွယ်ခဲ့ပြီး မိမိ၏ ဇာတိရုပ် ပေါ်ပေါက်လာခြင်းက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားခြင်းကြောင့် စိတ်မကောင်းကြောင်း တောင်းပန်ခဲ့သည်။ သို့သော်လည်း ၎င်းသည် လူအများကို ကင်မရာရှေ့၌ သွေးအေးအေး ခေါင်းဖြတ်သတ်ပြသည့် ရက်စက်သော လုပ်ရပ်အတွက် တစ်စုံတစ်ရာ ဝမ်းနည်းကြောင်း မပြောခဲ့ချေ။

ဂျီဟတ်ဒီဂျွန်သည် အမ်ဝါဇီပင်ဖြစ်ကြောင်း BBC နှင့် Washington Times သတင်းစာများက ထုတ်ဖော် ရေးသားခဲ့သည့်နောက် ကူဝိတ်ရှိ ၎င်း၏ မိသားစုသည် နေအိမ်မှ တိမ်းရှောင်နေရသည်။ အမ်ဝါဇီ၏ မိခင်သည် ရဲတပ်ဖွဲ့၏ အစောင့်အရှောက်ကို ခံယူကာ လျှို့ဝှက်နေရာ တစ်ခုတွင် သားသမီး ငါးဦးနှင့်အတူ နေထိုင်လျက်ရှိသည်။ ဖခင်ဖြစ်သူကမူ အကြီးဆုံး သမီးနှင့်အတူ ကူဝိတ်တွင်ပင် ရှိနေဆဲ ဖြစ်သည်။

Sunday Times သတင်းစာ၏ ဖော်ပြချက်အရ အမ်ဝါဇီသည် ကြားလူတစ်ဦးကို အသုံးပြုကာ မိမိ၏ ရင်းမြစ် ပေါ်ပေါက်သွားမှုကြောင့် မိသားစုတွင် ပြဿနာများ၊ ဒုက္ခများ ကြုံခဲ့ရသည့်အပေါ် တောင်းပန်ထားကြောင်း သိရှိရသည်။ အစ္စလာမ်မစ် ဘာသာရေးတွင် မိဘများအပေါ် မလေးမစား ပြုမူသူ၊ မိဘများ၏ အဆုံးအမကို ဆန့်ကျင်သူများသည် ငရဲလားမည်ဟု ပြဋ္ဌာန်းထားသည်။

အိုင်အက်စ်၏ ကွပ်မျက်မှု ဝါဒဖြန့် ဗီဒီယိုများတွင် ဗြိတိသျှ လေယူလေသိမ်းဖြင့် အင်္ဂလိပ်စကား ပြောလေ့ရှိသည့် အမ်ဝါဇီသည် ယခုအခါ ကမ္ဘာပေါ်တွင် အရက်စက်ဆုံး၊ လူမဆန်ဆုံး ရာဇဝတ်သား တစ်ဦးအနေဖြင့် သတ်မှတ် ခံထားရသည်။ အမေရိကန် အစိုးရသည် ၎င်းကို ဖမ်းဆီးရမိရန် သတင်းပေးသူကို ဒေါ်လာ(၁၀)သန်း ဆုငွေပေးအပ် ချီးမြှင့်သွားမည်ဟု ကြေညာထားသည်။

_Ref: Dailymail
7 Day Daily

No comments:

Post a Comment