Monday, March 9, 2015

ထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသားကျောင်းသူများအား အေးချမ်းစွာ အိမ်ပြန်ဖို့ ပါတီများအနေနဲ့ တောင်းဆိုသင့်

အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အတွက် လက်ပံတန်းမြို့တွင် ထိုင်သပိတ်ဆင်နွှဲ နေသော ကျောင်းသားကျောင်းသူ များအား ရန်ကုန်သို့ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေး သမ္မတထံသို့ ပါတီ ၂၃ ဖွဲ့မှ စာရေးသား မေတ္တာရပ်ခံ တိုက်တွန်းထားသည်ဟု သိရှိ ရပါသည်။
အမှန်တကယ်ဆိုရင် ပါတီများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်သို့ ဆက်သွားစေမယ့် အစား ၎င်းတို့၏ နေအိမ်များသို့ အေးအေးချမ်း ချမ်းပြန်သွားရန် တောင်းဆိုသင့်သည်ဟု မြင်မိပါသည်။
ယခုဆိုလျှင် ဆယ်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရန် လွန်စွာနီးကပ်နေပြီဖြစ်၍ ကျောင်းသားမိဘများကလည်း စိုးရိမ်ပူပန်နေကြပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများ သပိတ်ဆင်နွှဲတောင်းဆိုနေ သော ပညာရေးဥပဒေမူကြမ်းကိုလည်း လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်သပိတ်ဆင်နွှဲ နေသော ကျောင်းသားကျောင်းသူများ အနေဖြင့် အေးအေးဆေးဆေး အိမ်ပြန်ပြီး စာကျက်နေသင့်သော အချိန်ဖြစ်သည်ဟု ဆိုချင်ပါသည်။

အကယ်၍ သပိတ်ဆက်လက်ဆင်နွှဲနေမည်ဆိုပါက မလိုလားအပ်သော ပြဿနာမျး ဖြစ်လာနိုင်ပါသည်။ ရန်ကုန်တွင် အလုပ်သမားများကလည်း သပိတ်မှောက်ဆန္ဒပြနေကြသည်။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကလည်း နီးလာပြီဖြစ်၍ ကျောင်း သားသပိတ်ကြောင့် အနှောက်အယှက်ဖြစ်သွားနိုင် ပါသည်။ ထို့ကြောင့် ကျောင်းသားများအား သပိတ်ဆက်လက်ဆင်နွှဲရန် အားပေးအားမြှောက်ပြုနေကြသော ပါတီများအနေဖြင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များနေသော ကျောင်းသားသပိတ် အား ဆက်လက်မလုပ်ဆောင်နိုင်ရန် ကျောင်းသားများအား အိမ်ပြန်ရန် တိုက်တွန်းပေးခြင်းသာ အကောင်းဆုံး ဖြစ်ပါလိမ့် မည်။
တကယ်တမ်းမှာလည်း ကျောင်းသားသပိတ်အရေး သမ္မတထံ စာရေးသားတောင်းဆိုသောပါတီ ၂၃ ပါတီ ဆိုတာကလည်း အရေအတွက်သာဖြစ်ပြီး အမှန်တကယ်တွင် UNA တစ်ဖွဲ့လောက်သော ကျောင်းသားအရေးလိုက်ပါ ဆောင်ရွက်သည်ကို တွေ့ရပါသည်။ ဆီဆမ်းနှမ်းဖြူး လုပ်နေသော အမည်ခံပါတီများအနေနဲ့ ကျောင်း သား ကျောင်းသူများ၏ အနာဂတ်အတွက် စဉ်းစားကာ သပိတ်ဆင်နွှဲ ဖို့ မြှောက်ပင့်ပေးမယ့်အစား မိဘရင်ခွင်ဆီသို့ပြန်ရန် တိုက်တွန်းပေး သင့်ပါကြောင်း အကြံပြုလိုက် ချင်ပါ သည်။
ကောင်းဇော်
Today Myanmar

No comments:

Post a Comment