Monday, March 9, 2015

ဖားကန့်မြေပြိုမှု လူနှစ်ဦးသာ ပျောက်ဆုံးစာရင်းရှိဟုဆို

ကျောက်စိမ်း အဓိကထွက်ရှိရာ ဖားကန့်ဒေသတွင် မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုကြောင့် လူတစ်ရာကျော် သေဆုံးသည်ဟု ဒေသခံများက ပြောကြားသော်လည်း နှစ်ရက်အတွင်း ပျောက်ဆုံးနေသည်ဟု လာရောက်အကြောင်းကြားထားသူ နှစ်ဦးသာ ရှိကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ဦးက ပြောကြားသည်။
မတ်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် ပျောက်ဆုံးစာရင်း လာရောက်ပေးထားသူ ခြောက်ဦး ရှိခဲ့သော်လည်း မတ်လ ၇ ရက်နေ့က စာရင်းပေးထားသူထဲမှ ၄ ဦးက ၎င်းတို့သည် အခြားနေရာတွင် ရေမဆေးကျောက် ရှာဖွေနေသည်ဟု လာပြောသဖြင့် လက်ရှိတွင် နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းမြေပြိုမှုတွင် လူရာဂဏန်းအထိ ပိတ်မိနေနိုင်ကြောင်း ဒေသခံများ ပြောကြားထားပြီး မြေစွန့်ပစ်ထားသည့် ကုမ္ပဏီက မြေကော်စက်ဖြင့် ရှာဖွေနေသော်လည်း မတ်လ ၈ ရက်နေ့ထိ သေဆုံးနေသူများကို ရှာဖွေမတွေ့ရသေးကြောင်း ဒုရဲအုပ် သက်ဇော်ဦးက ထပ်မံပြောကြားသည်။
“ဖားကန့်မှာ မြေပြိုတာက မထူးဆန်းတော့ဘူး။ ခဏခဏကို ဖြစ်နေတာ။ ကုမ္ပဏီတွေလည်း မြေကျင်းတူးပြီး အပုံလိုက် ပုံထားတော့ ကြာလာတော့ ရာသီဥတုဒဏ်နဲ့ ဘယ်ခံနိုင်မလဲ ပြိုကျတာပေါ့။ မိုးတွင်းဆို ပိုဆိုးတယ်။ ဒီမြေစာတွေက သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်တယ်။ မိုးတွင်းဆို မြေစာတွေကနေ ဗွက်တွေဖြစ်ပြီး ဘယ်လောက် ကတ္တရာလမ်းခင်းခင်း ပျက်စီးသွားတယ်ပဲ” ဟု လုံးခင်မြို့ဒေသခံ ကျောက်စိမ်းကုန်သည် ဦးကျော်လှိုင်က ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment