Monday, March 30, 2015
အပစ်ရပ်ဖို့နီးလာပေမယ့် စိန်ခေါ်မှုတွေများစွာရှိနေသေးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်
တစ်နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တွေမှာ အခြေအနေကောင်းတဲ့ ဆွေးနွေးပွဲစာရင်းထဲ ထည့်နိုင်တဲ့ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကတော့ မတ် ၃ဝရက်မှာ ဆက်လက်ကျင်းပ ဦးမှာ ဖြစ်ပါတယ်။ ဆက် လက်ကျင်းပမယ့် ဆွေးနွေးပွဲမှာ သဘောတူညီ မှုမရရှိ သေးတဲ့ အချက်လေးချက်ကို ဆက်လက်ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။
အဲဒီအချက်လေးချက်ထဲက ကြားကာလ အစီအစဉ်ကလွဲလို့ ကျန်တဲ့အ ချက်တွေ က ပြီးခဲ့တဲ့ရက် ပိုင်းတွေအတွင်း ဆွေးနွေးခဲ့ တဲ့ ဆွေးနွေးပွဲတွေ မှာ ဆွေး နွေးခဲ့တဲ့အချက်တွေဖြစ်ပြီး အပြီးသတ်သဘောတူညီ ဖို့လိုအပ်နေတဲ့အချက်တွေဖြစ်ပါတယ်။ အဲဒီအချက်လေး ချက်ကတော့ တပ်ပိုင်းဆိုင်ရာပြန်လည်ပေါင်းစည်းရေး ခေါင်းစဉ်အောက်မှာ တပ်သားသစ် စုဆောင်းမှုနဲ့ပတ်သက် လို့အပစ်ရပ်ပြီးတာနဲ့ရပ်ထားမှာလား၊ နိုင်ငံရေးအရ သဘောတူညီချက် မရမချင်း ဆက်လက်စုဆောင်းမှာ လား ဆိုတဲ့ တပ်သားသစ်စုဆောင်းရေး၊ ကြားကာလအစီ အစဉ်၊ တို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်တဲ့အချက် မှာ စာသားအချို့ညှိနှိုင်းဖို့လို အပ်နေ တာ၊ နိုင်ငံရေးဆွေး နွေးမှုမှာ ဘယ်သူတွေပါဝင်ကြမလဲဆိုတဲ့အချက်တွေ အဓိကအနေနဲ့ ပါဝင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေ နဲ့အစိုးရနဲ့အပစ် အခတ်ရပ်စဲပြီး နောက်ပိုင်း နိုင်ငံရေး အရ သဘောမတူညီခင် ကြားကာ လတွေမှာ သူတို့အဖွဲ့ တွေရှင်သန်ရပ်တည်ရေးအတွက် သူတို့ ထိန်းချုပ် ဧရိယာ တွေနဲ့စိုးမိုးနယ်မြေတွေမှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေရရ မယ်၊ အခွန်ကောက်ခံခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့ ပညာရေး၊ကျန်းမာရေး စတဲ့သူတို့တွေ နဂိုကတည်းက လုပ်နေတဲ့လုပ်ပိုင်ခွင့်တွေကို အစိုးရဘက်က ဘယ်လို အသိအမှတ်ပြုပေးရမယ်ဆိုတဲ့ ကြားကာလအစီအစဉ် က လာမယ့်ဆွေးနွေးမှုတွေမှာ အဓိကထားဆွေးနွေးစရာ အချက်ဖြစ်နေပြီး အဲဒီအချက်သာ အဆင်ပြေမယ်ဆိုရင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် အပစ် အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲမှုက ပြီးစီးသလောက်ဖြစ် သွားမှာပါလို့လေ့လာသူတွေကဆိုကြပါတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးဖို့ ကတော့ အဲဒီထွက်ပေါ်လာတဲ့ မူကြမ်း ကို နှစ်ဖက်ခေါင်းဆောင်တွေ ထံ ပြန်တင်ပြ၊ တိုင်းရင်း သားလက်နက်ကိုင်တွေ ဘက်ကလည်း အဖွဲ့ အစည်း ပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးညီလာခံ တစ်ရပ် ကို ပြန်လည်ခေါ်ယူကျင်းပပြီးမှသာ အတည်ပြု ချက်ရယူပြီး လက်မှတ်ရေးထိုး ရမှာ ဖြစ်တယ်လို့ ဆိုကြပါ တယ်။
ပြီးခဲ့တဲ့ မတ် ၁၇ရက်ကနေ ၂၂ ရက်အထိ ဆွေးနွေးခဲ့မှုတွေ ကိုပြန်ကြည့် ရင် နှစ်ဖက်ခေါင်းဆောင် တွေအနေနဲ့ သိပ်ပြီးတင်းတင်း မာမာဖြစ် တာမတွေ့ရ သလို နှစ်ဖက်ခေါင်းဆောင်တွေကလည်း မကြာမီ လက် မှတ်ရေးထိုးနိုင်တော့မယ် လို့ မျှော်လင့်ထားကြတဲ့အ တွက် အပစ်အခတ် ရပ်စဲမှု လက်မှတ်ရေးထိုးရေးကတော့ မကြာမီဖြစ်ပေါ်လာဖွယ် ရှိနေပါ တယ်။ ကေအိုင်အို ဒုတိယ စစ်ဦးချုပ်နဲ့ နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲမှု ဗဟိုညှိ နှိုင်းရေးအဖွဲ့ အင်န်စီစီတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော် ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ်က သင်္ကြန်အပြီးမှာ လက်မှတ်ရေးထိုးနိုင် ဖွယ်ရှိတယ်လို့ ဧရာဝတီသတင်းဌာန ကိုပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။
''ကျွန်တော်ထင်တာ ကျန်တဲ့အချက်တွေက သိပ်ပြဿနာကြီးကြီး မားမားမရှိပါဘူး။ အကုန်လုံးက လာမယ့်ဆွေးနွေးပွဲမှာတင် ပြေလည် သွားနိုင်တယ်''လို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးဗဟိုဌာန မှ ဦးအောင်နိုင်ဦးက လာမယ့်မတ် ၃ဝရက်မှာ ပြန်လည် စတင်မယ့်ဆွေးနွေး ပွဲအလားအလာနဲ့ ပတ်သက်လို့ ပြော ပါတယ်။ အခုလို အခြေအနေတွေ အထိ ရောက်လာ တဲ့အတွက် နိုင်ငံလုံးဆိုင်ရာအ ပစ်အခတ်ရပ်စဲရေးက တကယ် နီးစပ်သွားပြီလား။ ဘယ်အချက်တွေက အတား အဆီးဖြစ်နိုင်သလဲ။ ထာဝရငြိမ်းချမ်းရေးအတွက် စိန် ခေါ်မှုတွေက ဘာတွေရှိနေသေးသလဲ ဆိုတာက စိတ် ဝင်စားစရာဖြစ်လာပါတယ်။
တကယ်တော့ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲမှုအတွက် ဆွေး နွေးခဲ့တဲ့ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးအရ အာမခံချက်ရှိ မှ အပစ်ရပ်လက်မှတ်ထိုးမယ်ဆိုတာကြောင့် အခုလောက် အထိ ကြာမြင့်နေတာဖြစ်ပါတယ်။ တခြား နိုင်ငံတွေရဲ့ အပစ်အခတ်ရပ် စဲမှု ဖြစ်စဉ်တွေ နဲ့နှိုင်းယှဉ်ရင် မြန်မာ နိုင်ငံရဲ့ငြိမ်း ချမ်းရေးဖြစ်စဉ်က တစ်မျိုးထူးခြားကောင်း ထူးခြားနေပေမယ့် အရင်အစိုးရလက်ထက်က အပစ် ရပ်ခဲ့ဖူးပြီး နိုင်ငံရေးဆွေးနွေး မှုတွေဖြစ်မလာခဲ့တာတွေ ကို တွက်ဆကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ရဲ့ တောင်းဆိုမှုတွေက အပြစ်လို့မဆိုသာ ဘူးလို့ဆိုကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကိုကြည့်မယ်ဆိုရင် ၂ဝ၁၃ခုနှစ်မှစတင် ခဲ့တဲ့ မြစ်ကြီးနားဆွေးနွေးပွဲမှာဆိုရင် ဖက်ဒရယ်ြ ပည် ထောင်စုအဆင့်အထိ တောင်းဆိုခဲ့တာတွေ့ရပြီး ပြည် ထောင်စုတပ်မတော်ဖွဲ့ စည်းရေးလို ကိစ္စမျိုးတွေအထိပါ ဝင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ လုံးဝအဆင်မပြေခဲ့ပါဘူး။ ဆက်ဆွေးနွေးလို့ မရအောင်ကိုဖြစ်ခဲ့တာ ပါ။ နောက် ပိုင်းမှာတော့ နှစ်ဖက်ဆွေးနွေးမှုတွေက ခပ်စိပ်စိပ်ဖြစ် လာခဲ့သလို အတည်မဆွေးနွေးခင် အကြိုဆွေးနွေးမှု တွေလည်း လုပ်လာနိုင်တာကြောင့် ဆွေးနွေးမှုတွေက ဆက်သွားလို့ရတဲ့ အနေအထားတွေဖြစ်လာပါတယ်။
တတိယအကြိမ်မြောက်ဆွေးနွေးပွဲကစလို့ နှစ်ဖက်ပူး ပေါင်းရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲမှုမူကြမ်းက ထွက်ပေါ်လာခဲ့သလို တစ်ဖက်နဲ့တစ်ဖက်ကလည်း အ လျှော့ပေးနိုင်သလောက် ပေးတာတွေ လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၄ခုနှစ် သြဂုတ်လက ကျင်းပခဲ့တဲ့ဆွေးနွေး ပွဲမှာဆိုရင် အဓိကတစ်ဆို့နေတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးနဲ့ ပတ်သက် လို့ ''နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့်ရလဒ် ကိုမူတည်ပြီး ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင် စုကိုတည်ဆောက်ရန် သဘောတူသည်''ဆိုပြီး အပစ်ရပ် စာချုပ်မှာ ထည့်သွင်းနိုင်တဲ့အထိ သဘောတူနိုင်ခဲ့ပါ တယ်။
ဒါပေမဲ့ ၂ဝ၁၄ခုနှစ် စက်တင်ဘာလ နှောင်း ပိုင်းမှာတော့ နှစ်ဖက် တင်းမာမှုတွေက တစ်ဆင့်ဆွေး နွေးပွဲတွေ ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့ဘဲ တပ်မ တော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တာပါ။ သေကျေပျက်စီးမှု အမြောက်အမြားရှိခဲ့တဲ့ထိတွေ့တိုက်ခိုက်မှုတွေ ကြောင့် နှစ်ဖက်အဖွဲ့တွေအကြား ယုံကြည်မှုကလည်း တော်တော် ပျောက်ဆုံးခဲ့ရပါတယ်။
၂ဝ၁၅ ခုနှစ်ထဲရောက်လာတော့မှပဲ နှစ်ဖက် အလုပ်အဖွဲ့တွေအနေနဲ့ အကြိုဆွေးနွေးမှုတွေ မကြာ ခဏပြန်လည်ပြုလုပ်နိုင်ခဲ့တာကြောင့် အခုလို ဆွေးနွေး မှုတွေ ပြန်ဖြစ်လာပြန်တာပါ။ ဒီတစ်ကြိမ်ဆွေးနွေးပွဲ မတိုင်မီမှာတော့ အင်န်စီစီတီအဖွဲ့မှာ သြဇာလည်းရှိပြီး တိုင်းရင်းသား တပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ကေ အိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့က တာဝန်ရှိသူတွေ က နေပြည်တော်ကို သွားရောက်ခဲ့ပြီး သမ္မတ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ မှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ဒီခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲက စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး အထစ်အငေါ့ အင်မတန်မှနည်းခဲ့တယ်လို့ လေ့လာ သူတွေက မှတ်ချက် ပြုကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာတင် အဓိကအခက်အခဲ တွေ့နေတဲ့အချက်တစ်ချက်ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာပြန် လည်ပေါင်းစည်းရေးကိစ္စမှာ နိုင်ငံရေးအရ သဘောတူ ပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက် နက်ဖြုတ်သိမ်းရမှာဖြစ်ကြောင်ွးျီ နဲ့ပတ်သက်လို့ သဘောတူခဲ့ကြတာပါ။ တပ်ပိုင်းဆိုင်ရာပြန်လည်ပေါင်း စည်းရေးနဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှု DDR မှာတော့ သဘောတူညီနိုင်မှု မရှိသေးပေမယ့် နိုင်ငံရေး ဆွေးနွေး ပွဲရောက်ရင် ပေးဆွေးနွေး မယ်ဆိုပြီး သဘော တူထားခဲ့ပါတယ်။
လေ့လာသူအချို့က အစိုးရတပ်မတော်တို့အနေနဲ့ အစိုးရ သက်တမ်းသိပ် မကျန်တော့တဲ့အတွက် သူတို့အတွက် ကျွဲကူးရေပါ ဖြစ်စေမယ့် အပစ်အခတ်ရပ်စဲရေးပြုလုပ်မှုနဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်ဆိုတာကို မြန်မြန်အကောင်ထည်ဖော်ချင်လာတာကြောင့်လို့ ခုလိုဆွေးနွေးမှုတွေ မှာ ပြေပြေပြစ်ပြစ်ဖြစ် လာရတာလို့ဆိုပါတယ်။ ဒါပေမဲ့ ဆွေးနွေးနေစဉ်မှာပဲ မျက်နှာပျက်စရာကိစ္စအချို့ စကြုံလာရ ပါတယ်။ ဒါကတော့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲအချို့ပြန်ဖြစ် လာတာကြောင့်ပါ။
အဲဒီတိုက်ပွဲတွေက ယုံကြည်မှုပျက်စေတယ်လို့လည်းဆို ကြပါတယ်။ မံစီဒေသဘက်က တိုက်ပွဲတွေကို အပစ်ရပ်စာချုပ်ပါ အချက်တွေနဲ့ ကြည့်မယ်ဆိုရင် နှစ်ဖက်သဘောတူညီမှုမရသေးတဲ့ အချက်တွေဖြစ်တဲ့ ကြားကာလရပ်တည်မှုအစီအစဉ်တို့ အပစ်ရပ် စောင့်ကြည့်ရေး ယန္တရားနဲ့ နှစ်ဖက်လိုက်နာရမယ့်စစ်စည်းကမ်း တွေနဲ့ပတ်သက်လို့ ဆိုကြပါတယ်။ ကေအိုင်အိုအနေနဲ့ ကျောက် စိမ်းလုပ်ကွက်တွေ သိပ်အလုပ် မဖြစ်တော့တဲ့နောက်မှာ တပ်ဖွဲ့ရပ် တည်ရေးအတွက် သစ်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အခွန်ကောက်ခံ တာကိုလှည့်လာခဲ့ပေမယ့် အစိုးရဘက်ကပြတဲ့ သစ်ကိစ္စကြောင့် တိုက်ရတယ်ဆိုတာ ယုတ္တိ ယုတ္တာ သိပ်မရှိလှဘူးလို့ ဆိုကြပါတယ်။
''သစ်ကိစ္စက အရင်ကလဲရှိတာပါပဲ။ အခုလို ဆွေးနွေးနေ တဲ့အချိန်ကျ မှ ဖြစ်တာကတော့ သိပ်ဘဝင်ကျစရာမဟုတ်ဘူး။ အ စိုးရရဲ့ထုတ်ပြန် ချက်အရတော့ သစ်ကိစ္စလို့ဆိုထားပေမယ့် သေသေ ချာချာကြည့်မယ်ဆိုရင် သစ်ကားတွေကိုတားတာ ရိုးရိုးသားသား တားဆီးတာမဟုတ် ဘဲ လေယာဉ်တွေနဲ့ ဗုံးလိုက်ကြဲတယ်။ နောက်ပိုစ့်တွေ ကို တိုက်တယ်ဆိုတာတွေက မဖြစ်သင့်ဘူး။ သစ်ကအခုမှထုတ်တာ မဟုတ်ဘူး။ ရှေးအဆက်ဆက်ကတည်းက ခုတ်နေရောင်းနေကြတာ ပဲလေ။ အရင်ကလဲ ဆွေးနွေးနေရင် ဖြစ်နေကျပဲ။
အခုဟာက ဆွေး နွေးပွဲအဆင်ပြေအောင် ပုံစံခွက်ထဲဝင်အောင် ဖိအားပေးတိုက်ခိုက် သလို ဖြစ်နေတာတွေ့ရတယ်''လို့ သတင်းစာဆရာဦးစည်သူအောင် မြင့်က ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တပ်မတော်တို့အကြားဖြစ် ပွားနေတဲ့ ခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက် လို့ မှတ်ချက်ပြုပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှဒေါ်ခွန်ဂျာ ကတော့ ''ဒီသစ်တွေက မြန်မာပြည်အလယ်ပိုင်းက လာတဲ့သစ်တွေ လေ အခုက ဗန်းမော်၊ ရွှေကူတို့ကိုဖြတ်ပြီးမှ အခုမံစီဘက်ကိုရောက် လာတာ အဲဒီဘက်မှာရော မမြင်ကြဘူးလား။ ဘာလို့ မံစီကျော်လို့ တရုတ်နယ်စပ်နားရောက်မှ လာမြင်ရသလဲ။ တရုတ်တွေလဲ ကချင် ပြည်နယ်ထဲလာ သစ်လာထုတ်ပြီဆိုရင် နှစ်ဖက်စလုံးကို ပေးနေရ တာပဲမဟုတ်လားလို့ မေးခွန်းထုတ်ပါတယ်။
ဒါ့အပြင် ''ဖိအားပေးလက်မှတ်ထိုးခိုင်းတာတို့ ဆွေးနွေး ခိုင်းတာတို့တွေက ယူံကြည်မှုပျက်စေပါတယ်။ အခုအချိန်အထိက ငြိမ်းချမ်းရေးက တပ်မတော်လက်ထဲရှိနေဆဲပဲ'' လို့ ဒေါ်ခွန်ဂျာက ဆက်ပြောပါတယ်။
တိုက်ပွဲတွေက ကိုးကန့်နယ်ဘက်မှာလည်း ဆက် ဖြစ်နေဆဲဖြစ်တဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ ဆိုရင် တအာင်းပလောင်အဖွဲ့နဲ့ပါ ပြင်းပြင်းထန်ထန်ပြန်ဖြစ်လာ တာကြောင့် နမ့်ခမ်းမြို့နယ်အတွင်း က ထောင်နဲ့ချီတဲ့ဒေသခံတွေက နေရပ်တွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီကိစ္စတွေအားလုံးက ယုံကြည်မှု ပျက်စီးစေနိုင်တဲ့ကိစ္စတွေပဲဖြစ်တယ်လို့ လေ့လာသူတွေ က ဆိုကြပါတယ်။
လက်ရှိဆွေးနွေးဖို့ကျန်နေတဲ့အချက်တွေထဲမှာ အခက် အခဲရှိလာနိုင်စရာ နောက်အချက်တစ်ချက်ကတော့ နိုင်ငံရေးဆွေး နွေးပွဲမှာ တက်ရောက်ရမည့်သူများဆိုတဲ့အချက်လည်းပါဝင်ပါတယ်။
အဲဒီပါဝင်ရမယ့်သူတွေအပေါ်မူတည်ပြီး နိုင်ငံရေးဆွေးနွေးမှုမူ ဘောင်တွေကို ရေးဆွဲရမှာပါ။
မူဘောင်ရေးဆွဲမှုအပေါ်မူတည်ပြီး တော့မှ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေကို ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ပါဝင်ရမယ့်သူများဆိုတဲ့အချက်ကလည်း တစ်ဖက်နဲ့တစ်ဖက်အကြား အချေအတင်ဆွေးနွေးစရာ ဖိအားပေးဆွေးနွေးစရာအချက်ဖြစ် တယ်လို့ ဆိုကြပါတယ်။
အဲဒီအချက်တွေကို ကျော်လွန်နိုင်ရင်တော့ အပစ်ရပ် မူကြမ်းထွက်လာပါပြီ။ သို့သော်လည်း အပစ်ရပ်မူကြမ်းမှာ ပါဝင် လက်မှတ်ရေးထိုးရမယ့်အဖွဲ့တွေ နဲ့ပတ်သက်ပြီး အချေအတင်ဆွေး နွေးရဖွယ်လည်း ရှိနေပါသေးတယ်။ အစိုးရဘက်က အဆိုပြုထားတဲ့ အဖွဲ့၁၆ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အဆိုပြုထားတဲ့အဖွဲ့အစည်း တွေ အကြား မှာ ကိုးကန့်၊ ရခိုင်တို့အပြင် အဖွဲ့ငါးဖွဲ့လောက် ကွာဟမှုရှိနေတာလည်း တွေ့ရပါတယ်။
''ကိုးကန့်ကိစ္စက မူကြမ်းထွက်ပြီးနောက်ပိုင်းမှာ အပစ် ရပ်လက်မှတ်ထိုးဖို့ အရေးအဟန့်အတားတစ်ရပ်ဖြစ်နိုင်သေးတယ်။ အခုထိ ကိုးကန့်ကို ဆွေးနွေးဖက်အဖြစ်မသတ်မှတ်သေးဘူးလေ'' လို့ တရုတ်-မြန်မာနယ်စပ်စစ်ရေးနိုင်ငံရေးအကဲခတ်တစ်ဦးက သုံး သပ်ပါတယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ တောင် တချို့အချက်တွေက အခက်အခဲရှိနိုင်သေး တာ တွေ့ရပါတယ်။ အဲဒီနောက် ဆက်သွားရမယ့်အ ဆင့်တွေဖြစ် တဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေရေးဆွဲ တာ၊ နိုင်ငံရေးဆွေးနွေး ပွဲ ကျင်းပတာ စတဲ့အဆင့်တွေမှာတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ပိုမိုကြုံတွေ့နိုင်တယ်လို့ လေ့လာသူတွေက တညီတညွတ်တည်း သုံး သပ်ကြပါတယ်။
''ပြောရမယ်ဆိုရင် လောလောဆယ်အနေထားအရ အ စိုးရကလဲ တအား အပစ်အခတ်ရပ်စဲရေး လုပ်ချင်နေတယ်။ စာချုပ် ကလဲ ခုလိုအနေအထားရောက် လာတယ်ဆိုတော့ လက်မှတ်တော့ ထိုးဖြစ်မှာပဲ။ ဒါပေမဲ့ စာချုပ်ပါအချက်အလက်တွေကို အကောင်အ ထည်ဖော်တဲ့နေရာမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်။ ကျောင်းသား တွေကိုတောင် ဆွေးနွေးပြီး သဘောတူပြီးမှ အကောင်အထည်ဖော် မပေးနိုင်တာတွေ ရှိခဲ့တာပဲ။ ဖက်ဒရယ်ပြည်ထောင်စုတို့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်တို့ဆိုတဲ့ အချက်တွေက တအားကျယ်ပြန့်တယ်။ အပစ်ရပ်မူ ကြမ်းမှာ လက်ရှိကျန်နေတဲ့ အချက်တွေက အဲဒါတွေလောက်မကြီး ကျယ်ပါဘူး။ ဒါပေမဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ အကောင်အထည် ဖော်မှုတွေဖြစ် မလာမှကြိုစိုးရိမ်နေ ရဆဲပဲ စိန်ခေါ်မှုတွေရှိနေဆဲပါပဲ''လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ စဉ်ဆက်မပြတ် ရေးသားနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ် ပါတယ်။
တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအ နေနဲ့ယုံကြည်မှုကို အကန့်သတ်နဲ့သာ ထားသင့်နေပြီး တကယ်လို့ အပစ်ရပ်ပြီးနောက်ပိုင်း မူလရည်ရွယ်ထားတာတွေ ဘာမှအကောင် အထည်ဖော်နိုင်တာမရှိရင် ဘာဆက်လုပ်မလဲဆိုတာ တစ်ခါတည်း ပြင်ဆင်ထားသင့်တယ်လို့လည်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ် ခွန်ဂျာက ပြောပါတယ်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တော့ ''အပစ်ရပ် လက်မှတ်ထိုးပြီးရင် ဆွေးနွေးရမယ့်အချက်တွေ က ပိုခက်ခဲတဲ့အတွက် လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးရသွား တာမဟုတ်ဘူး''လို့ ပြောပါတယ်။
စိုင်းထွန်းအောင်လွင်
TheFlowerNews
Subscribe to:
Post Comments (Atom)
တပ်မတော်သားခေါင်းဆောင်တွေသိထားရမှာက အပစ်ရပ် ထားတဲ့ အချိန်မှာ သူပုန်တွေ လူအင်အားစု လက်နက်ပြန်မဖြည့် ဖို့ ပဲ ။
ReplyDeleteအဲ့ ဒီလိုမှမဟုတ်ယင် လက်ဝှေ့ ပွဲမှာ ၃မိနှစ်ပြည့် လို့  ကြိုးဝိုင်းဒေါင့် မှာအနားပေးသလိုဖြစ်ယင်တော့  ကြိုးဝိုင်းလည်မှာပြန်လွတ်တဲ့ အခါပိုပြီးပြင်းထန်မယ်မှတ်ထား။