Saturday, March 28, 2015

ပါတီနိုင်ငံရေးကို ဦးစားပေးလွန်းလျှင် နိုင်ငံတည်ငြိမ်မှုမရှိနိုင်ဟု တပ်ချုပ်ပြော .... ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေပြင်ဆင်ရေး စသောအရေးကိစ္စများအပေါ် တပ်မတော်၏ သဘောထားများ ထည့်သွင်း ပြောကြားသွား



ဓာတ်ပုံ − ခင်မောင်ဝင်/အေပီ

 နိုင်ငံအတွင်း ဒီမို ကရေစီတည်ဆောက်ဆဲကာလတွင် အမျိုးသားရေးဝါဒကို အစွန်း ရောက်စွာကျင့်သုံးပါက နိုင်ငံတည် ငြိမ်မှုကို အခက်အခဲတွေ့စေ မည်ဖြစ်ကာ ပါတီနိုင်ငံရေး  ဦးစား ပေးလွန်းလျှင်လည်း နိုင်ငံတည် ငြိမ်မှုမရှိနိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြော ကြား သည်။

(၇၀)နှစ်မြောက် တပ်မတော် နေ့အခမ်းအနားမိန့်ခွန်းပြောကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က  အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မိနစ် ၃၀ ခန့်ကြာသော မိန့်ခွန်းတွင် ပြည်တွင်းငြိမ်း ချမ်းရေး၊ အထွေထွေရွေးကောက် ပွဲ၊ အခြေခံ ဥပဒေပြင်ဆင်ရေး၊ လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေ သည့် အခြေအနေများနှင့်ပတ် သက်၍ တပ်မတော် ၏ ရပ်တည်ချက်သဘောထားများပြောကြား သွားသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အစိုးရအဆက်ဆက် တပ် မတော်ခေါင်းဆောင်များပြော ကြားခဲ့သော မိန့်ခွန်းအချို့ကို လည်း ကောက်နုတ်ပြောကြား သွားသည်။

‘‘ပါတီနိုင်ငံရေးကို ဦးစား ပေးလွန်းရင် နိုင်ငံတည်ငြိမ်မှုမရှိ နိုင်ကြောင်း ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဖြစ်ရပ်များက သာဓကပြပြီးဖြစ် တယ်။ အမျိုးသားရေးဝါဒကို အစွန်းရောက်စွာကျင့်သုံးရင် လည်း နိုင်ငံတော်တည်ငြိမ်မှုကို အခက်တွေ့စေမှာဖြစ်တယ်’’ဟု တပ်ချုပ်က ထည့်သွင်းပြောကြား သည်။

ထို့ကြောင့် ဒီမိုကရေစီနည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ဒီမိုကရေစီစနစ်ဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို လည်း သင့်တင့်သည့်အရှိန်နှုန်း ဖြင့်သာ ဟန်ချက်ညီစွာ ဆောင် ရွက်မှသာလျှင် ထိရောက်မှန်ကန်သော တိုးတက်ပြောင်းလဲမှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။

အမျိုးသားရေးဝါဒတစ်ဖက် စွန်းရောက်မှုသည် အန္တရာယ်ကြီး မားသဖြင့် တပ်မတော်ကာကွယ် ရေးဦး စီးချုပ်က   လက်ရှိနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ အပေါ် ထင်ဟပ်ပြောကြောင်း သတိပေး သွားသည့် အတွက် ကောင်း မွန်သော ထောက်ပြမှုဖြစ်ကြောင်း တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

လက်ရှိနိုင်ငံအတွင်း ဆောင် ရွက်နေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်၍လည်း အပစ် အခတ် ရပ်စဲရေးပြုလုပ်ရုံ သာမက လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းခြင်း (DDR) လုပ်ငန်းစဉ် များသည် မရှိမဖြစ် ပါဝင်ရမည့်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း ထည့်သွင်းပြောကြား သွားသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို အလေးဂရု မပြုဘဲ အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သော ကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် နောက်ဆက်တွဲ ပြဿနာများ မဖြေရှင်းနိုင်သော သာဓကရှိ သည်ဟုလည်း တပ်ချုပ်က ဆက် လက်ပြောကြားသည်။

‘‘တပ်ချုပ်ကတော့ နိုင်ငံ တကာမှာ ကျင့်သုံးတဲ့ မူဝါဒကို လက်ကိုင်ထားတယ်ဆိုတဲ့ သဘောကို ထုတ်ပြသွားတဲ့ သဘောပဲ။ ဒါပေမဲ့ ဒီကိစ္စကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လက် မခံသေးဘူး။ သူတို့တောင်းဆို ထားတာ တပ်မတော်ပြန်လည်ဖွဲ့ စည်းရေးပဲ။ လက်ရှိမှာ နယ်ခြား စောင့်တပ်တောင် လက်မခံတာ ဆိုတော့ ဒီလိုဖြစ်လာဖို့က တော် တော်ဝေးပါသေးတယ်’’ဟု ပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသူ နိုင်ငံရေးဆောင်း ပါးရှင် စည်သူအောင်မြင့်က ပြော သည်။

DDR စနစ်ဆိုသည်မှာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာသဘောတူညီချက်များရရှိ ပြီးပါက တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများကိုဖျက်သိမ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင် ရွက်ပေး ရသည့် လုပ် ငန်းစဉ်သဘောပင်ဖြစ်ကြောင်း စည်သူအောင်မြင့်က ပြော သည်။

နိုဝင်ဘာတွင်ပြုလုပ်ရန် လျာထားသည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲသည် နိုင်ငံ အတွက် အရေးကြီး သည့် မှတ် တိုင်တစ်ခုဖြစ်သည့်အတွက် ရွေး ကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ပြီးဆုံးနိုင်ရေးသည် အဓိက ကျပြီး ရွေးကောက်ပွဲတွင် လက်နက်ကိုင် ဖိအားပေးမဲထည့်စေခြင်း၊ ခြိမ်း ခြောက်အကျပ်ကိုင်မဲထည့်စေ ခြင်းများကို လုံးဝအဖြစ်ခံနိုင်မည် မဟုတ်ကြောင်းလည်း တပ်ချုပ် က ပြောသည်။

ရွေးကောက်ပွဲနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပြီး နယ်မြေမတည်ငြိမ် သည့် ဒေသများတွင် ၂၀၁၀ မှ ယနေ့အချိန်ထိ ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိသော်လည်း လက် ရှိသွားနေ သော လမ်းကြောင်းကို မထိခိုက်စေသဖြင့် လာမည့်ရွေး ကောက်ပွဲတွင် အဆိုပါဖြစ်စဉ်မျိုး ဖြစ်လာနိုင်သော် လည်း ရွေး ကောက်ပွဲထိခိုက်နိုင်မည်မဟုတ် ကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးရဲထွန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍လည်း ပြုပြင်ရန်လို အပ်လာလျှင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် အညီ ဒီမိုကရေစီ အနှစ်သာရကို ဖော်ဆောင်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်းလည်း တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားသည်။

တပ် မတော်နေ့အခမ်းအနား တွင် ယခင်ကထည့်သွင်းခဲ့ခြင်းမရှိ သော စစ်ရေးပြကွင်းအတွင်း ရဟတ်ယာဉ် များ လေပေါ်၌ ရပ်နားကာ တပ်မတော်သားများက ကြိုးဖြင့်ဆင်း၍ စစ်ဆေးရေးပြုလုပ်သည့် ပြကွက်အသစ်ကိုထည့်သွင်းပြသခဲ့သည်။ ထို့အပြင် ယခင်နှစ်က ပြသခဲ့ခြင်းမရှိသော လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အမြောက်၊ ဒုံးပျံအသစ်များကို ထည့်သွင်းပြသခဲ့ပြီး လေတပ်ကလည်း အသံထက်မြန် သော ဂျက်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ စစ်ဆင်ရေး ရဟတ်ယာဉ်အသစ်များဖြင့် ဝေဟင်မှ စွမ်းရည်ပြသမှုများပြုလုပ်ခဲ့သည်။ မြေပြင်တွင် ချီတက်စစ်ရေးပြ သော စစ်ကြောင်းကြီးများ၌ တပ်မတော် သားများ၊ စစ်သမီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရဲမေများ အပါ

အဝင် အင်အား ၁၀,၃၀၀ ကျော်ချီတက်ခဲ့ကြပြီး ယခင်နှစ်က ချီတက်ရာတွင်ပါဝင်ခဲ့သည့် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များကို ထည့်သွင်းမှုမပြုခဲ့ပေ။

မတ်လ ၂၇ ရက်တွင်ပြုလုပ် သော (၇၀)နှစ်မြောက် တပ် မတော်နေ့အခမ်းအနားသို့ ပြည် သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်နိုင် ခြင်းမရှိသော်လည်း လွှတ်တော် နှစ်ရပ်မှ ရေးရာကော်မတီဥက္ကဋ္ဌ များ အားလုံးနီးပါး အခမ်းအနား သို့ တက်ရောက်ခဲ့သည်။

‘‘အစိုးရသစ်လက်ထက်ကစ ပြီး အစ်မက နှစ်တိုင်းတက်ပါ တယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အစ်မကျန်းမာရေး အခြေ အနေ ကြောင့် မတက်နိုင်တာပါ။ ထူး ထူးထွေထွေ ရောဂါဖြစ်တာ မဟုတ်ပေမယ့် အားနည်းနေတဲ့ သဘောပဲဖြစ်တာပါ။ တခြား အကြောင်းတော့မရှိပါဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment