Monday, March 23, 2015

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒီတစ်ခါ အစဉ်အလာချိုးဖျက်တော့မည်လော



''မျှော်သာမျှော်သည် မယုံကြည်...
ရင်မှာဝေဒနာ ပွင့်ခက်ဝါနီ...''
ဆိုပြီး အစချီထားတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းကို ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က စင်မြင့်ထက်မှာ သီဆို နေပါတယ်။
မတ် ၁၇ ရက်က စတင်ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့အတွက် ခုနစ်ကြိမ်မြောက် အဖြစ် ဆွေးနွေးတဲ့ ဆွေးနွေးပွဲအထိမ်းအမှတ် ညစာ စားပွဲ ဖျော်ဖြေမှုအစီအစဉ်မှာ သီဆိုနေတာပါ။ ဆွေး နွေးပွဲ ပထမနေ့ ဆွေးနွေးမှုတွေအပြီးမှာ ပြုလုပ်တဲ့ ည စာ စားပွဲမှာ သီဆိုနေတာပါ။

သူ့ရဲ့ ကိုယ်ရေးအရာရှိတစ်ဦးကတော့ ''ကျွန် တော့်ဆရာ ဒီသီချင်းကိုဆိုတာ ဒီတစ်ကြိမ် ညစာစား ပွဲနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဗျ''လို့ ပြောပါတယ်။
အဲဒီ ညစာစားပွဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အင်န်စီစီတီအဖွဲ့က တာ ဝန်ရှိပုဂ္ဂိုလ်တွေပါ တက်ရောက်နေကြတာပါ။ ပထမ ရက် ဆွေးနွေးမှုတွေအပြီးမှာ ပြုလုပ်တဲ့ ညစာစားပွဲ လည်းဖြစ်ပါတယ်။
တကယ်တော့ အခု ရန်ကုန်မြို့မှာ ကျင်းပ နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ထူးခြားမှုတွေနဲ့ ပြည့် နှက်နေတယ်လို့ ဆိုရမှာပါ။ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအကြား တင်းမာမှုတွေ ပစ် ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ငါးလကျော်ကာလ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပနိုင်တဲ့ ဆွေး နွေးပွဲဖြစ်သလို ဒီဆွေးနွေးပွဲမတိုင်ခင်မှာပဲ အဓိကကျ တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က တာဝန်ရှိသူ တွေဟာ သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် စတဲ့ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ ဆုံခဲ့တာကြောင့်လည်း နှစ်ဖက် တာဝန်ရှိသူတွေအ ကြား ယုံကြည်မှုတွေကတစ်ဆင့် ပြည်လုံးကျွတ် အပစ် အခတ်ရပ်စဲရေးကို ဦးတည်သွားမလားဆိုပြီး မျှော်လင့် သူတွေကလည်း မျှော်လင့်နေကြတာပါ။
အစိုးရနဲ့ အပစ်မရပ်ထားတဲ့ KIO က အင်န် စီစီတီမှာလည်း အရေးပါတဲ့ နေရာမှာ ရှိနေပြီး တိုင်း ရင်းသား လက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ လည်း အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ကြောင့် ကေအိုင်အိုနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ရင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် လမ်းပွင့်နိုင် တယ်လို့ ယူဆနေကြတာပါ။ UNFC ကတော့ တကယ် လို့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ခဲ့ရင် နိုင်ငံရေးအရ ဆွေးနွေးပြောဆို စကားပြောဖို့ ရည်ရွယ်ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
''ကျွန်တော်တို့လဲ တိုးတက်မှု တစ်စုံတစ်ရာ ရှိမယ်လို့ မျှော်လင့်ထားတယ်။ ကေအိုင်အေနဲ့ အစိုးရ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ထားခဲ့တာ ကြောင့် ပါ'' လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုမြအေးက ဆွေးနွေးပွဲအပေါ် သူ့ရဲ့ မျှော် လင့်ချက်ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကာလအတွင်းမှာပဲ မြန်မာပြည် မြောက်ပိုင်းမှာ အစိုးရနဲ့ ကိုးကန့်၊ တအာင်းပလောင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက် ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားနေတာကြောင့် ဆွေး နွေးပွဲတွေကနေ ပဋိပက္ခတွေများ လျှော့ချနိုင်မလားလို့ လည်း မျှော်လင့်ခဲ့ကြတာလည်း တွေ့ရပါတယ်။
ဆွေးနွေးပွဲ ပထမရက်မှာတော့ ယခင်ဆွေး နွေးပွဲတွေတုန်းက သဘောတူညီမှု မရသေးတဲ့ ကျန် နေတဲ့ အချက်ရှစ်ချက်ကို စတင်မဆွေးနွေးခဲ့ဘဲ ပဋိပက္ခ လျှော့ချရေးနဲ့ ပတ်သက်တာတွေကို အရင်ဆွေးနွေးခဲ့ ပါတယ်။ သို့သော်လည်း ပဋိပက္ခလျှော့ချရေး ဆိုပေ မယ့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိုးကန့်အ ရေးကိစ္စတို့၊ လိုင်ဇာမှာဖြစ်ခဲ့တဲ့ စစ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဘက်က တင်ပြခဲ့ရာမှာ အစိုးရတပ်မတော်တို့ဘက် က ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆွေးနွေးပွဲ တက် ရောက်သူတွေက ဆိုကြပါတယ်။
အဲဒီအချက်တွေကို တင်ပြခဲ့တာက ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တင်ပြခဲ့တာပါ။ ကိုးကန့်ကို ဘယ်တော့မှ မဆွေးနွေးဘူးလို့ အစိုးရနဲ့ တပ်မတော် ထိပ်တန်းခေါင်း ဆောင်တွေက မူဝါဒချမှတ်ထားတာကြောင့် ဖြစ်တယ် လို့လည်း တပ်မတော်ကိုယ်စားလှယ်တွေက ပြောကြ သလို လိုင်ဇာစစ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုလို ကိစ္စတွေကို ပြောမယ် ဆိုရင်လည်း နှစ်ဖက် လက်ညှိုးထိုး စရာတွေ တစ်ပုံတစ်ပင်ရှိနေတဲ့ အတွက် လိုင်ဇာစစ်သင် တန်းကျောင်း ကိစ္စကိုလည်း ဆွေးနွေးခွင့်မပြုခဲ့ဘူးလို့ ဆွေးနွေးပွဲတက်ရောက်သူ အချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကိုးကန့်ကိစ္စကို နောက်မှ သီးသန့်ပြန်ဆွေး နွေးမယ်လို့ ဆိုကြပါတယ်။
ဒီစာကိုရေးနေတဲ့အချိန်အထိ ဆွေးနွေးပွဲ သုံးရက်မြောက်လာတဲ့အထိ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ အပစ်ရပ် စောင့်ကြည့်လေ့လာရေးယန္တရား တည်ဆောက် ဖို့နဲ့ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ထား ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ စတုတ္ထနေ့မှာတော့ တချို့ နှစ်ဖက်ဆွေးနွေးရတာ အခက်အခဲ ဖြစ်နိုင်တဲ့ ကိစ္စတွေကို နိုင်ငံရေးဆွေးနွေးပွဲရောက်မှ ဆွေးနွေးဆို တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကလည်း နှစ်ဖက်အဖွဲ့ တွေက ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အဖွဲ့တွေ မဟုတ်တဲ့ အပြင် အချိန်ကာလအရ ၂ဝ၁၅ ဆိုတဲ့ ကန့်သတ်ချက် တွေကြောင့် လျှော့ပေါ့ ဆွေးနွေးမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
တကယ်တော့ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ ပြီဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုအတွက် ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် တိုင်းရင်း သားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးအရ အာမခံ ချက်ရှိမှ အပစ်ရပ် လက်မှတ်ထိုးမယ်ဆိုတာကြောင့် အ ခုလောက်အထိ ကြာမြင့်နေတာ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေရဲ့ အပစ်အခတ်ရပ်စဲမှု ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ် ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်မျိုး ထူး ခြားကောင်း ထူးခြားနေပေမယ့် အရင်အစိုးရလက်ထက် က အပစ်ရပ်ခဲ့ဖူးပြီး နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်မလာ ခဲ့တာတွေကို တွက်ဆကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ရဲ့ တောင်းဆိုမှုတွေက အပြစ် လို့ မဆိုသာဘူးလို့ ဆိုကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုမှု တွေကိုကြည့်မယ်ဆိုရင် ၂ဝ၁၃ခုနစ်မှာ စတင်ခဲ့တဲ့ မြစ်ကြီးနား ဆွေးနွေးပွဲမှာဆို ဖက်ဒရယ် ပြည်ထောင်စုအဆင့်အထိ တောင်း ဆိုခဲ့တာတွေ့ရပြီး ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးလို ကိစ္စ မျိုးတွေအထိပါဝင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ လုံးဝအဆင်မပြေ ခဲ့ပါဘူး။ ဆက်ဆွေးနွေးလို့မရအောင်ကို ဖြစ်ခဲ့တာပါ။
နောက်ပိုင်း မှာတော့ နှစ်ဖက်ဆွေးနွေးမှုတွေက ခပ်စိပ်စိပ်ဖြစ်လာခဲ့သလို အတည်မဆွေးနွေးခင် အကြိုဆွေးနွေးမှုတွေလည်း လုပ်လာနိုင် တာကြောင့် ဆွေးနွေးမှုတွေက ဆက်သွားလို့ရတဲ့ အနေအထား တွေ ဖြစ်လာပါတယ်။
တတိယအကြိမ်မြောက် ဆွေးနွေးပွဲစလို့ နှစ်ဖက်ပူးပေါင်းရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲမှု မူကြမ်းက ထွက်ပေါ်လာခဲ့သလို တစ်ဖက်နဲ့တစ်ဖက် ကလည်း အလျှော့ပေး နိုင်သလောက်ပေးတာတွေ လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့၂ဝ၁၄ခုနှစ် သြဂုတ်လက ကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာဆိုရင် အဓိက တစ်ဆို့နေ တဲ့ အချက်တစ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေးနဲ့ ပတ်သက်လို့ 'နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာ သည့် ရလဒ်ကိုမူတည်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကို တည်ဆောက်ရန် သဘောတူသည်'ဆိုပြီး အပစ်ရပ် စာချုပ်မှာ ထည့်သွင်းနိုင်တဲ့အထိ သဘောတူနိုင်ခဲ့ပါတယ်။
ဘာတွေကျန်နေသလဲ
**********************
လတ်တလောဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခွင့်ပြုရန်၊ အပစ်ရပ် သဘောတူညီချက်တွင် ပါဝင်ရမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအရေအတွက်၊ အပစ်ရပ် ဆွေးနွေးပြီးနောက်ပိုင်း နိုင်ငံရေးအရ သဘောတူညီမှုမရခင် ကြားကာလ အတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ထိန်းချုပ်နယ်မြေ အတွင်းမှာ သူတို့ရပ်တည်ရေးအတွက် တရားဝင်စီးပွားရေးလုပ် ငန်းလုပ်ပိုင်ခွင့်တို့ အခွန်ကောက်ခွင့်၊ ပညာရေး ကျန်းမာရေးလုပ် ငန်းတွေ လုပ်ပိုင်ခွင့်အတွက် ကြားကာလအစီအစဉ်၊ အပစ်ရပ် လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းပြည်ပကနေ သက်သေအဖြစ် ဘယ်သူတွေ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ကိစ္စနဲ့ နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ မူဘောင်စတဲ့ကိစ္စရပ်တွေက အဓိကအနေနဲ့ပါဝင် ပါတယ်။
တကယ်တော့ အဆင်မပြေမှုတွေရှိခဲ့တဲ့ ၂ဝ၁၄ခုနှစ် စက်တင်ဘာ ဆွေးနွေးပွဲနောက်ပိုင်း အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်နေခဲ့ တာပါ။
ကြားထဲဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာဗ မြောက်ပိုင်း နဲ့ တာ့ဖာဆောင်ဒေသမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေ၊ ကချင်လွတ်မြောက် ရေးအဖွဲ့နဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေ၊ လိုင်ဇာစစ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုနဲ့ လက်ရှိကိုးကန့် ဒေသမှာဖြစ်နေတဲ့ ကိုးကန့်တပ် ပေါင်းစုနဲ့ တပ်မတော်တို့ အကြားတိုက်ပွဲတွေက သိသာမြင်သာ တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။
ကိုးကန့်ပဋိပက္ခ
****************
ကိုးကန့်ပဋိပက္ခကလည်း ဒီဆွေးနွေးမှုတွေနဲ့ သက် ဆိုင်တာတွေ့ရပါတယ်။ ကိုးကန့်အနေနဲ့ ၂ဝ၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ တရားဝင်ဆွေးနွေးနေတဲ့ အင်န်စီစီတီအဖွဲ့မှာ ပါဝင် ခဲ့ပြီး အစိုးရဘက်က တစ်ကြိမ်မှ ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆွေး နွေးဖက်အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့ ၁၆ဖွဲ့ထဲ မပါဝင်တာကြောင့် လည်း ကိုးကန့်အဖွဲ့အနေနဲ့ သူတို့မူရင်းဒေသကို ပြန်လည်တိုက် ခိုက် ဆွေးနွေးပွဲတက်လာနိုင်အောင်လုပ် ဆိုတဲ့လမ်းစဉ်ကို ရွေး လာခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ သို့သော် အခုဆွေးနွေးပွဲတွေ ကျင်းပနေချိန်အထိ အစိုးရဘက်က ဆွေး နွေးဖို့ ငြင်းဆန်နေဆဲဖြစ်ကာ ကိုးကန့်ဒေသမှာလည်း တိုက်ပွဲတွေ က ပြင်းပြင်းထန်ထန်ဖြစ်ပွားနေဆဲပါပဲ။
''ကိုးကန့်က အဖွဲ့အစည်းအနေနဲ့ ကျွန်တော်တို့အဖွဲ့ ရဲ့ UNFC တပ်ပေါင်းစုမှာ ပါတယ်။ တပ်ပေါင်းစုမှာပါတဲ့အတွက် ကျွန်တော်တို့ အင်န်စီစီတီမှာလဲပါတယ်။ အဲဒီလိုပါတဲ့အတွက် မိမိတို့ရဲ့ အဖွဲ့ဝင်တစ်ဖွဲ့က အင်န်စီစီတီရဲ့မူ၊ တပ်ပေါင်းစုရဲ့မူ အပြင်ဘက်ကိုမရောက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဆွေး နွေးခွင့်မပြုဘူးဆိုတော့ အခုအနေအထားက ပြန်လည်သုံးသပ်ရ မှာဖြစ်တယ်။ ကိုးကန့်က သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မှာရှိတဲ့ အာဏာရုန်းကန်မှုတွေအကြားမှာ ဖြစ်နေတဲ့ပါဝါ Struggle နဲ့ဆိုင်တယ်''လို့ အင်န်စီစီတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က မတ် ၁၈ ရက်က ပြောပါတယ်။
ကိုးကန့်လိုပဲ ကိုးကန့်ဒေသတိုက်ပွဲတွေမှာ ပါဝင်တိုက် ခိုက်နေတဲ့ ရခိုင်အဖွဲ့ ဗဗ ဆိုရင်လည်း အခုထိ ဆွေးနွေးဘက် အဖြစ် သတ်မှတ်ခံရခြင်း မရှိသေးသလို အင်န်စီစီတီမှာ အစိုးရ ဘက်က ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထားခြင်းမရှိတဲ့ အဖွဲ့ ငါးဖွဲ့ရှိနေပါတယ်။ အဲဒီဆွေးနွေးဘက်အဖြစ် သတ်မှတ်ခံထားရ တဲ့ အဖွဲ့တွေက အပစ်ရပ်လက်မှတ်ရေးထိုးရာမှာ ပါဝင်ခွင့်ရရှိ မှာ မဟုတ်ပါဘူး။ အင်န်စီစီတီမှာက တစ်ဖွဲ့မှမကျန်ချင်တဲ့ မူရှိ နေတဲ့အတွက် ကိုးကန့်ကိစ္စလိုကိစ္စတွေက အစိုးရတပ်မတော် ဘက်က မူဝါဒမပြောင်းမချင်း အဲဒီအချက်အပေါ် သဘောတူညီမှု ရဖို့ တော်တော်ခက်တယ်လို့ လေ့လာသူတွေက ဆွေးနွေးပွဲမတိုင်မီ က ဆိုကြပါတယ်။
ဒါပေမဲ့ အခုဆွေးနွေးပွဲမှာတော့ ကိုးကန့်ကိစ္စ ကို နောက်မှဆွေးနွေးဖို့ သဘောတူခဲ့သလို အငြင်းပွားစရာဖြစ် နိုင်တဲ့ တချို့အချက်တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ သွားရောက် ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့်လည်း ယခင် ဆွေးနွေးပွဲတွေလို တင်းမာမှုတွေ မရှိတော့ဘဲ ဆွေးနွေးနိုင်တာ ဖြစ်ပါတယ်။ အစိုးရဘက်က ဘယ်လက်နက်ကိုင် အဖွဲ့ကိုဆွေး နွေးဘက်အဖြစ် သတ်မှတ်မလဲဆိုတဲ့ကိစ္စက သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ချမှတ်ထားတာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေက ပြောပါတယ်။
ကိုးကန့်နဲ့နီးစပ်တဲ့အဖွဲ့တွေအနက် မိုင်းလား MND AA က လေ့လာသူအဖြစ် ဆွေးနွေးပွဲလာတက်ခဲ့ပေမယ့် 'ဝ' က လာမတက်ပါဘူး။ 'ဝ'အနေနဲ့ ကိုးကန့်ကိုဆွေးနွေးဘက်အဖြစ် မသတ်မှတ်ရင် အပစ်ရပ်လက်မှတ် ထိုးတဲ့အခါ မပါတာမျိုးဖြစ် လာနိုင်တယ်လို့ နယ်စပ်ရေးရာလေ့လာသူတစ်ဦးက သုံးသပ် ပါတယ်။
အစိုးရသက်တမ်း လက်ကျန်ကာလ၊ ရွေးကောက်ပွဲ ကာလတို့နဲ့ တွက်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ က ၂ဝ၁၅ ခုနှစ် ခြောက်လပိုင်းလောက်မှာ ပြီးပြတ်မှ နိုင်ငံရေး ဆွေးနွေးမှုတွေကိုလုပ်နိုင်မှာပါ။ အဲဒီအခြေအနေတွေကိုတွက်ဆ ပြီး ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ကချင်၊ ကေအိုင်အို၊ မွန်ပြည်သစ်က ကိုယ်စားလှယ်တွေကတော့ အရင် ဆွေးနွေးတဲ့အဖွဲ့တွေလောက် တင်းခံတာမရှိတော့ပါဘူး။ မြန်မာ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဆွေးနွေးမှု တွေက နိုင်ငံရေးဆွေးနွေးဖို့ အသားပေးလာတဲ့သဘော ဖြစ် တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲငါးရက်မြောက်
*************************
ဆွေးနွေးပွဲငါးရက်မြောက်နေ့မှာတော့ နိုင်ငံရေး အရ သဘောတူညီမှုရပြီးမှ လက်နက်ဖြုတ်သိမ်းဖို့နဲ့ အပစ်ရပ် စာချုပ်ကို လွှတ်တော်မှအတည်ပြုပေးဖို့ စတဲ့အချက်တွေကို သဘောတူခဲ့ကြပါတယ်။ အဲဒီအချက်တွေက ကာလအတန်ကြာ အချေအတင် ဆွေးနွေးနေခဲ့ရတဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီ သဘောတူညီချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်ခတ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေးအရ သဘော တူညီမှုရရှိပြီးမှသာ လက်နက်ဖြုတ်သိမ်းရတော့မှာပါ။ အပစ် ရပ်စာချုပ်ကိုလည်း လွှတ်တော်မှာ တစ်ခါပြန်ဆွေးနွေးစရာမလို တော့ဘဲ အတည်ပြုနိုင်မှာဖြစ်ပါတယ်။ စတုတ္ထနေ့ နေ့လယ်ပိုင်း အထိတော့ အခန်း(၇)ခန်းပါ အပစ်ခတ်ရပ်စဲရေးမူကြမ်းမှာ အခန်း(၅)ခန်းအထိ ပြီးအောင် ဆွေးနွေးနိုင်ခဲ့ပြီး သဘောတူညီ မှုရဖို့ ကျန်ရှိနေတဲ့ အချက်ရှစ်ချက်အနက် အချက်ငါးချက် သဘောတူနိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာလည်း မတ်လ၂ဝရက်နေ့က ကျင်းပ ခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်နယ်နဲ့တိုင်းဒေသ ကြီး အစိုးရတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အာဏာခွဲဝေရေး၊ သယံဇာတနဲ့ အခွန်ကောက်ခံခွင့်ပိုပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်တွေက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။
''ဒါတွေက ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ အထောက်အကူ ဖြစ်အောင် ရည်ရွယ်တဲ့သဘောပဲ။ ပြည်နယ်ဝန်ကြီးချုပ်လောက် ရွေးလာနိုင်ရင်၊ သယံဇာတခွဲဝေမှုပိုရလာရင် ပြည်နယ်လွှတ် တော်တွေကို ပိုလုပ်ပိုင်ခွင့်ရလာရင် ငြိမ်းချမ်းရေးက ပိုမိုခိုင်မြဲ လာလိမ့်မယ်'' လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာနိုင် အောင်က သုံးသပ်ပါတယ်။
နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွေကတော့ အပစ်ရပ် ပြီး ရက်ပေါင်း ၆ဝအတွင်းရေးဆွဲပြီး ဆွေးနွေးပွဲကတော့ ရက်ပေါင်း ၉ဝ အတွင်းမှဖြစ်မှာပါ။ ဒီလိုခက်ခဲတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမှုတွေမှာ ပြေလည်သူတွေကတော့ ကြိုဆိုစရာဖြစ်တယ်လို့ ၈၈မျိုးဆက်အဖွဲ့မှ ကိုမြအေးကပြောပါ တယ်။
''ဆွေးနွေးမှုတွေက လွှတ်တော်ပြင်ပမှာ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ထိပ်သီးခေါင်းဆောင်တွေကလဲ ဆွေးနွေးနေတယ်။ အပြင်မှာလဲ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်။ တကယ်တော့ ခြုံလိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူ တည်ပြီးဖြစ်နေတာတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးမှု တွေမှာ ပေါင်းဆုံဆွေးနွေးဖို့လိုတယ်။ ဒါကြောင့်အပစ်ရပ်ဖြစ်စဉ် နဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့ လိုအပ်တယ်''လို့ ကိုမြအေးက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်း ညွန့်လွင်ကတော့ ''နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက မြန်မြန်ဖြစ်ဖို့လိုနေပြီလေ။ ဒါပြီးမှ နိုင်ငံရေးဆွေးနွေးလို့ရမှာပါ''လို့သုံးသပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဆွေးနွေးပွဲအခြေ အနေကို ပြန်သုံးသပ်ရမယ်ဆိုရင် ဆွေးနွေးပွဲ ပြန်ဖြစ်လာတာ အပြုသဘောဆောင်တယ်လို့ သုံးသပ်ပါတယ်။ အနိမ့်ဆုံး ခြောက် လပိုင်းလောက်မှ ဒီနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက မဖြစ်တော့ရင် လည်း ၂ဝ၁၅ ခုနစ်အတွင်းမှာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့က မဖြစ်နိုင်ပါဘူး။ အဲဒီလိုမဖြစ်ရင် နိုင်ငံရေးပြဿနာရှင်းဖို့ နေရာက နေရာပျောက် နေပါလိမ့်မယ်။
အင်န်စီစီတီ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် ရဲ့ ကိုယ်ရေးအရာရှိကတော့ ''ကျွန်တော့်ဆရာ မျှော်သာမျှော် သည် မယုံကြည်ဆိုတဲ့ သီချင်းဆိုတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုင်း သိပ်ပြေလည်တာ မတွေ့ရဘူး။ ဒီတစ်ခါတော့ အစဉ်အလာ ချိုးဖျက်မလားပဲလို့ မျှော်လင့်ထားတယ်'' လို့ ကျွန်တော့်ကို ပြော ထားတဲ့အတွက် ငြိမ်းချမ်းရေးရောင်ခြည်ကို ပိုမိုမျှော်လင့်မိနေ ပါတော့တယ်။ ။
စိုင်းထွန်းအောင်လွင်
TheFlowerNews

2 comments:

  1. ( ငြိမ်းချမ်းပါစေမြန်မာပြည် လို့ပဲအမြဲဆုတောင်းပေးနေရပါတယ်ဗျာ )

    ReplyDelete
  2. ငြိမ်းချမ်းရေးယူပြီး အင်အားစုတဲ့ အဖွဲ့ ဆိုယင် အပြုတ်တိုက်ရမှာ။

    ReplyDelete