Thursday, March 12, 2015

အကွက် ကျဲကျဲနှင့် လက်မည်းတွေ

အခုတစ်လော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက အလေ့အကျင့် အတွေ့အကြုံ ရှိကြတဲ့ လေ့လာသူ တွေအတွက်မှာတော့ ပုံစံကျ ရွှေ့ ကွက်တွေပဲ ဆိုတာ သိသာနေပါတယ်။
ဒီ ရွှေ့ကွက်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတွေ ရှိတယ်လို့ တာဝန်ရှိတဲ့သူတွေ ပြောလိုက်တိုင်း တော်တော်များများက ''ဒါမျိုးတွေ ရိုးနေပြီ၊ အစိုးရကတော့ တစ်ခုခု ဖြစ်တာနဲ့ ကွန်မြူနစ်တွေ၊ ဗကပတွေ လက်ချက်လို့ ထိုးချလိုက်တာပဲ'' လို့ ပြက်ရယ် ပြုကြလေ့ ရှိပါတယ်။ ''ဗကပတို့၊ ကွန်မြူနစ်တို့ ဆိုတာ ဘယ်မှာ ရှိတော့လို့လဲ၊ ပျောက်ကွယ် သွားတာ ကြာလှပေါ့'' လို့လည်း ဆိုကြပါတယ်။ တကယ်တော့ အဲဒီလို ပြောကြတဲ့ သူတွေထဲမှာ နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးကတော့ ကွန်မြူနစ် အကြောင်း၊ ဗကပအကြောင်း တကယ်မသိရှာတဲ့ သူတွေပါ။ နောက် တစ်မျိုးကတော့ အဲဒီ ကွန်မြူနစ်တွေ ကိုယ်တိုင်ပါပဲ။ သူတို့ကတော့ ကိုယ်ယောင် ဖျောက်ထား တာပေါ့လေ။ ဘယ်လောက်ပဲ ကိုယ်ယောင် ဖျောက်ထားထား၊ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားထား မျက်တောင်မခတ်၊ အရိပ် မထွက်ရင် ဘီလူးဆိုတာ သိနိုင်သလို နည်းနည်းကလေး အရိပ်အကဲ ကြည့်လိုက်တာနဲ့ ဘယ်သူ ဆိုတာ အတွင်း ကျကျ သိထားပြီးတဲ့ သူတွေကတော့ သိနိုင်ပါတယ်။

ကွန်မြူနစ်နဲ့ ပတ်သက်ရင် ဆိုရိုးတစ်ခု ရှိပါတယ်။ "Once a communist, forever communist" တဲ့။ ကွန်မြူနစ်ဆိုတာ တစ်ခါ ကွန်မြူနစ် ဖြစ်ဖူးရင် တစ်သက်လုံး ကွန်မြူနစ် ဖြစ်သွားရောတဲ့။ မယုံရင် မကြာခင် ကမှ ကွယ်လွန်သွားတဲ့ ရဲနီကျော်ဝင်းတို့လို ပုဂ္ဂိုလ်မျိုးတွေကိုပဲ ကြည့်ပေါ့။ အခု အချိန်အထိ သူတို့ အသက် အရွယ်တုန်းက သူတို့ရဲ့ ရဲဘော်ရဲဘက် အဘိုးကြီး၊ အဘွားကြီးတွေဟာ အချင်းချင်း တွေ့တာနဲ့ လက်သီး ဆုပ်ကို မြှောက်ပြီး ''အလေးနီ'' ပြု နှုတ်ဆက်နေကြတုန်း ဆိုတာ အတွင်းသိတွေ အားလုံး သိကြပါတယ်။
အခု စာရေးနေတဲ့ အတွင်းသိ ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မဖော်ချင်လို့ အမည်ကို မပြောလိုပေမယ့် ကွန်မြူနစ်လို့ ပြောမယ်ဆိုရင် အဖေရော၊ အမေရော မူလ လက်ဟောင်း ကွန်မြူနစ် စစ်စစ်ကြီးတွေရဲ့ ဗိုက်ထဲက မွေးလာခဲ့တာမို့ အမေ့ ဗိုက်ထဲက မထွက်ခင် ကတည်းက ကွန်မြူနစ်သွေး ပါခဲ့တော့ သူများ တွေက ကွန်မြူနစ်လို့ ပြောတာ ရယ်တောင် ရယ်ချင်သေးလို့ ဆိုလိုက်ချင်ပါရဲ့။
အခုဖြစ်နေတဲ့ အဆင် အကွက်တွေ ကြည့်လိုက်တဲ့အခါ ဘောလုံးအသင်း တစ်ခု တည်ထောင် လှုပ်ရှားနေ တာနဲ့ သိပ် ဆင်တူတယ်ဗျာ။ ဘောလုံးအသင်း တစ်သင်းမှာ ကစားသမားတွေ ပါတယ်။ နည်းပြပါတယ်။ အသင်းအုပ်ချုပ်တဲ့ မန်နေဂျာ ပါတယ်။ ဒါပေမဲ့ ဘောလုံး ကန်နေချိန်မှာ ကြည့်လိုက်ရင်တော့ ကွင်းထဲမှာ ကစားသမားတွေ ပြေးလွှားနေတာကိုပဲ တွေ့ရလိမ့်မယ်။ နည်းပြဆိုတဲ့ လူကတော့ ကွင်းအပြင်က ခုံတန်းမှာ ထိုင်ကြည့် နေတာပဲ။ တစ်ခါတလေ ဘေးက လိုက်ပြီး အော်ဟစ် ညွှန်ကြားနေတာ တွေ့ရမယ်။ ဒါပေမဲ့ မန်နေဂျာ ဆိုတဲ့ သူကိုတော့ တွေ့ချင်မှတောင် တွေ့ရပါလိမ့်မယ်။ အခုလည်း ဒီလိုပဲ။ ဆန္ဒပြ ချီတက်နေတာ ကတော့ ကျောင်းသားတွေပဲ။ ဒါပေမဲ့ သူတို့ကို နောက်က ကပ်ပြီး ညွှန်ကြားနည်းပြ အကွက်ဆင် ပေးနေတာ ကတော့ ကွန်မြူနစ်တွေဗျ။ အသင်း မန်နေဂျာနဲ့ အသင်းကို ပွဲသွင်းပြီး အဝယ်အရောင်း လုပ်နေတဲ့ သူတွေ ကတော့ ကွင်းအပြင်ဘက်မှာ ရှိတဲ့ တခြား အုပ်စုပါ။ သူတို့ကတော့ ငွေရှင်ကြေးရှင် တတ်နိုင် ထောက်ပံ့ နိုင်တဲ့ သူတွေပေါ့ဗျာ။ အနီးကပ် နည်းပြ ကွပ်ကဲနေတာက ကွန်မြူနစ်တွေလို့ ဘာကြောင့် ပြောနိုင်သလဲ ဆိုတာကတော့ ကြည့်တတ်ရင် မြင်ပါတယ်။ ပထမဆုံး ကြေးသွန်းဘုရားမှာ ပညာရေးဌာနက တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးပြီးတဲ့ အခါ ကျောင်းသားခေါင်းဆောင် ဆိုတဲ့ အုပ်စုက အင်တာနေရှင်နယ် သီချင်းကို ဆိုတယ်။ တူတံစဉ်အလံကို လွှင့်တယ်။ အဲဒါ ကွန်မြူနစ် အမှတ်တံဆိပ်ဆိုတာ အသိသာကြီးပဲ။
အဲဒီအချိန်က စပြီး ကျောင်းသား လှုပ်ရှားမှုဟာ ကွန်မြူနစ် တံဆိပ် အကပ်ခံ လိုက်ရတာပဲ။ အဲဒီလို လုပ်ဖို့ ဘယ်ကနေ၊ ဘယ်သူက ဖုန်းနဲ့ ညွှန်ကြားခဲ့တယ် ဆိုတာလည်း အတွင်းသိကတော့ သိပါတယ်။ ဒီကနေ့ အစိုးရက ကျောင်းသားတွေကို အကုန်လုံး ဈေးလျှော့ပေးပြီး ဦးကုန်းချတော့မတတ် အရှုံးပေးနေတာ တောင်မှ သပိတ်ကို မရပ်နိုင်ဘဲ တောင်းသလောက် လွှတ်တော်က မပေးရင်လည်း ရန်ကုန်ကို ဆန္ဒပြ ချီတက်မယ်၊ တောင်းသလောက် ရရင်လည်း ရန်ကုန်ကို အောင်ပွဲခံ ချီတက်မယ်လို့ ခေါင်းကြောမာနေတဲ့ ဗကသဆိုတဲ့ သူတွေရဲ့ အရင်းအမြစ်ကို ကြည့်လိုက်ရင် ဒုတိယ မျိုးဆက် ကွန်မြူနစ်တွေရဲ့ သားတွေ၊ သမီးတွေ ဆိုတာ တွေ့ရမှာပါ။ တစ်ယောက်မှ ကျောင်းသားအစစ် မဟုတ်တော့ဘဲ တချို့က တံမြက်စည်း ရောင်းတဲ့သူ၊ တချို့က လျှပ်စစ်မီး ပြင်တဲ့သူ စသည်ဖြင့် အပြင်လောကမှာ လုပ်ကိုင် စားသောက်နေပေမယ့် ကျောင်းသားဆိုတဲ့ ခေါင်းစဉ်ကိုတော့ ''ငါ့ဟာ၊ ငါ့ဟာ'' လုပ်ပြီး ဆုပ်ကိုင်ထားနေကြတာ တွေ့ရလိမ့်မယ်။ ဒီလို ဆုပ်ကိုင်ထားရတာ ကလည်း ကျောင်းသားလို့ ဆိုမှ သမဂ္ဂဖွဲ့ပြီး ကျောင်းသားတွေနား ကပ်လို့ ရမှာကိုး။ ဘောလုံးအသင်း ဝတ်စုံ ဝတ်ထားမှ ကွင်းနားကပ်လို့ ရတဲ့ နည်းပြတွေလိုပေါ့ဗျာ။ ဒါပေမဲ့ သူတို့က လက်ထောက် နည်းပြအဆင့်ပဲ ရှိသေးတာဗျ။ သူတို့နောက်မှာ ပွဲကစားဖို့ အတွက် ၃၊ ၄၊ ၃ ပုံစံလား၊ ၄၊ ၂၊ ၄ ပုံစံလား၊ ရှေ့ပိုင်းမှာ ပိတ်ကစားပြီး နောက်ပိုင်းမှာ ဖွင့်ကစားမလား စသည်ဖြင့် ဗျူဟာ ဆင်ပေးနေတဲ့သူတွေ ရှိသေးတယ်။ သူတို့ကတော့ နည်းပြမှူး၊ နည်းပြချုပ်တွေပေါ့ဗျာ။ အဲဒါက ဘယ်သူတွေလည်း ဆိုတော့ အထက် မြန်မာပြည် တစ်ဝိုက်မှာ အခြေပြုနေတဲ့ လက်ဟောင်းယူဂျီ ဗကပကြီးတွေပေါ့။ ဒါက အထင်နဲ့ စွပ်စွဲတာ မဟုတ်ဘူးဗျ။ မန္တလေးကနေ ကျောင်းသားသပိတ် စစ်ကြောင်းအထွက်မှာ စင်ပေါ်တက်ပြီး သူ့ကိုယ်သူ ဗကပယူဂျီလို့ ထူးဆန်းလှစွာ ဗြောင် ကြေညာပြီးမှ တရားဟောသွားတဲ့ အမည်မှာ စနေနံနဲ့ စတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိခဲ့သလို အဲဒီပွဲမှာ မကြာသေးခင်ကမှ ဘဝတစ်ပါး ကြွေလွင့်သွားရှာတဲ့ ဗကပ ဗဟို မြေအောက် တာဝန်ခံကြီး ဗိုလ်ကြင် မောင်ကို စုပေါင်း အလေးပြုခဲ့ကြတာ၊ အင်တာ နေရှင်နယ် သီချင်း ဟစ်ကြွေး ခဲ့တာတွေ (မီဒီယာတွေက ဖုံးထားခဲ့ပေမယ့်) အဲ့ဒီပွဲမှာ ရှိခဲ့တဲ့သူတိုင်း သိကြပါတယ်။ နည်းပြချုပ်တွေ ထဲမှာ အဝေးကနေ ရီမုတ်ကွန်ထရိုးနဲ့ တော်လှန်ရေး မဟာဗျူဟာတွေကို အွန်လိုင်းက တင်ပို့နေတဲ့ မဟာပညာရှိ ခေါင်းဆောင်ကြီး တချို့လည်း ရှိပါသေးတယ်။ နာမည် သုံးလုံးနဲ့ဗျာ။ ဒီလောက်ဆို သိမှာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကွန်မြူနစ်ဆိုတာ ပစ္စည်းမဲ့ တော်လှန်ရေးရဲ့ သားကောင် (အဲလေ) သားကောင်းတွေ ပီပီ ပိုက်ဆံတော့ မရှိကြရှာဘူးဗျာ။ ဆန္ဒပြ သပိတ်မှောက်တယ် ဆိုတာကလည်း အလွန် အကုန်အကျများတဲ့ အလုပ်ဆိုတော့ တခြား ငွေစကြေးစ ထုတ်ပေးနိုင်တဲ့ သူတွေဆီ ချဉ်းကပ်ရတော့တာ ပေါ့ဗျာ။ သူတို့ကတော့ အသင်း မန်နေဂျာနဲ့ ငွေရှင်တွေ ဆိုပါတော့။ ငွေရှိပြီဆိုမှတော့ ကွန်မြူနစ်တော့ မဟုတ်နိုင်တော့ဘူး ပေါ့ဗျာ။ ကွန်မြူနစ် မဟုတ်ရင်တော့ အရင်းရှင်၊ လစ်ဘရယ်၊ ဆိုရှယ်နယ်ချဲ့ စသည်ဖြင့် ကွန်မြူနစ်တွေ အမျိုးမျိုး ကင်ပွန်းတပ်ခဲ့ရတဲ့ လက်ယာယိမ်း တွေပေါ့။ တချို့ကလည်း ပြည်တွင်းမှာ အထုပ်နဲ့ အထည်နဲ့ အုံနဲ့ ကျင်းနဲ့။ ဂုဏ်ဒြပ်ကြီးကြီး အင်အားစုတွေဗျ။ တချို့ကတော့ အကြောင်း ကြောင်းကြောင့် ပြည်တော်အပြီးမပြန်နိုင် သေးဘဲ အဝေးကနေ အရေးတော်ပုံကြာပါစေလို့ြေ<ွကး ကြော်နေကြတဲ့ အမျိုးချစ် အုပ်စုတွေပေါ့ဗျာ။ သူတို့ကတော့ တစ်ခါတလေ လာလာ မွှေသွားလိုက်၊ ပြန်သွားပြီးရင် အကွက်ဆင်၊ ခွင်ဖန်လိုက်၊ အထဲကို လှမ်းလှမ်းပြီး ချိတ်လုပ် နေကြတာလေ။
ပြန်ချုပ်ရရင်တော့ ဒီကိစ္စက ပညာရေး အကြောင်းပြပေမယ့် နိုင်ငံရေး ရွှေ့ကွက် တစ်ခုပါ။ ရည်မှန်းချက် ကတော့ ကွန်မြူနစ် အသုံးနဲ့ ပြောရရင် GS ပေါ့။ GS ဆိုတာက အထွေထွေ သပိတ်ကြီး (General Strike) ဖန်တီးဖို့ပါ။ ဒီပုံစံက ဗိုလ်ချုပ်အောင်ဆန်းတို့ စစ်ပြီးကာလ ဘုရင်ခံရဲ့ အတိုင်ပင်ခံ ကောင်စီမှာ ဥက္ကဋ္ဌ လုပ်နေရတုန်းက ကွန်မြူနစ်တွေ ဝန်ထမ်းပေါင်းစုံ သပိတ် ဖန်တီးပြီး အစိုးရကို အကျပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ နည်းမျိုးပါပဲ။ အဲဒီတုန်းက လွတ်လပ်ရေး ရခါနီး တိုင်းပြည်အတွက် အရေးကြီးကာလမှာ ဖဆပလ အစိုးရကို အမှတ်တွေ ရသွားမှာစိုးလို့ အဖျက်အမှောင့် လုပ်ပြီး ဒုက္ခပေးခဲ့တာ၊ ဒါကြောင့်လည်း ကွန်မြူနစ် အကြောင်း နောကျေအောင်သိတဲ့ ဗိုလ်ချုပ်က ကွန်မြူနစ်တွေကို ဖဆပလထဲက မောင်းထုတ် ဖယ်ရှားခဲ့တာပေါ့။ ဗိုလ်ချုပ်က ကွန်မြူနစ်တွေအကြောင်း မသိဘဲ နေမလား။ သူကိုယ်တိုင်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူးလေ။ အဲဒီတုန်းက GS နဲ့ ဖဆပလ အစိုးရကို ဖြုတ်ချလို့ မရတော့ လွတ်လပ်ရေးရပြီး သုံးလမပြည့်ခင်မှာကိုပဲ AS လုပ်ပြီး တိုင်းပြည် အာဏာကို အကြမ်းနည်းနဲ့ ရအောင် ကြိုးစား တော့တာပဲ။ AS ဆိုတာက သူတို့အခေါ် (Armed Struggle) လက်နက်ကိုင် တော်လှန်ရေးပါ။ AS နဲ့ နှစ်ပေါင်း ၇ဝ လောက် လုံးပန်းလိုက်တာ ပဲခူးရိုးမကနေ အရှေ့မြောက်နယ်စပ်ကို ပြေးရ၊ အရှေ့မြောက် မှာလည်း နောက်ဆုံးတော့ သူတို့ ခွစီးထားတဲ့ တိုင်းရင်းသားအုပ်စုတွေက ခါချလိုက်ပြန်တော့ အနောက်နိုင်ငံ ကိုရွှေ့ပြီး ခိုလှုံ၊ နောက်ဆုံးမှာ လက်ကျန်လူကြီးတွေ လုံးပါးပါးကုန်တဲ့ အချိန်မှာတော့ ဒီဘက်ကလည်း တိုင်းပြည်က ပြန် ပွင့်လင်းလာပြီး ဒီမိုကရေစီ အခွင့်အရေးတွေ ထိုက်သင့်သလောက် ရလာချိန်မှာ AS ကနေ GS ဘက်ကို ပြန်လှည့် လာတာပါပဲ။ GS လုပ်ဖို့ အတွက်ကလည်း အခွင့်သာ လာတယ်လေ။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ပေးလိုက်တော့ အခု စာပေနယ်က အစိုးရ ဆန့်ကျင်ရေး ဂျာနယ်တွေ၊ သမဂ္ဂတွေမှာ ဆရာကြီး လုပ်နေကြတဲ့ လူတွေ အတော်များများဟာ တောပြန် ကျွန်းပြန် အနီရောင်တွေ ချည်းပဲ။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒပြခွင့်တွေ ရလာတော့ နေရာပေါင်းစုံမှာ သမဂ္ဂပေါင်းစုံ ပေါ်လာ တာမှာ သူတို့ရဲ့ ကွန်ရက်ကို အလွှာ အသီးသီး အတွင်းထဲ အထိ ထိုးဖောက် စိမ့်ဝင် လာနိုင်ခဲ့ပြီလေ။
ကျောင်းသားတွေကတော့ သူတို့ရဲ့ ရွှေ့ကွက်ထဲမှာ ဘာမှ မသိရှာတဲ့ နယ်ရုပ်တွေ ပါဗျာ။ အခုတစ်လော စက်မှုဇုန်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ဆန္ဒပြ အုံကြွနေကြတဲ့ အလုပ်သမားတွေလည်း ဒီလိုပါပဲ။ နယ်ရုပ် တွေပါ။ ဒီလုပ်ရပ်တွေက အချိန်ကိုက်ဗုံးလို ဖောက်ခွဲဖို့ လှုံ့ဆော် သွေးထိုးတဲ့ ယူဂျီ ကလာပ်စည်းတွေရဲ့ လက်ရာဆိုတာ အသိသာကြီးပါ။ သူတို့ကတော့ ငြင်းမှာပဲ။ မသိတဲ့ လူတွေကလည်း အဲဒါကို ယုံကြမှာပဲ။
ကျောင်းသား သမဂ္ဂကတော့ သူတို့ရဲ့ အကောင်းဆုံး လုပ်ကွက်ပဲလေ။ လူထုက သားသမီးတွေနဲ့ ပတ်သက် ရင်ထိလွယ်ရှလွယ် စည်းရုံးလို့ အလွယ်ဆုံး။ ဒါကြောင့် ကျောင်းသားကို ရှေတန်းတင်လိုက်ရင် အစိုးရလည်း လုပ်ရ ခက်သွားပြီ။ ဖဆပလ အစိုးရ လက်ထက်ကတည်းက တကသမှာ ကွန်မြူနစ် ယူဂျီကျောင်းသား တွေက တပ်ဦးဆိုတဲ့ နာမည်နဲ့ အုပ်စီးခဲ့လို့ အစိုးရနဲ့ တခြိမ်းခြိမ်း ဖြစ်ခဲ့တာပေါ့။ ကျောင်းဆွေးဆွေး လူဆွေးဆွေး တစ်တန်းမှာ ငါးခါလောက် အကျခံပြီး မသေမချင်း ကျောင်းသားလုပ်၊ သမဂ္ဂကို အုပ်ပြီး နိုင်ငံရေးမှာ ရှုပ်ချင်လို့။ အစိုးရက သုံးခါကျ ကျောင်းထွက်စနစ် လုပ်လိုက်တော့ အနာပေါ် တုတ်ကျပြီး တိုက်ပွဲ လုပ်တော့တာပဲ။ ဗိုလ်ချုပ်တို့ ခေတ်တုန်းက ကျောင်းသားသမဂ္ဂက အမျိုးသား လွတ်မြောက်ရေး အတွက် ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြတာ။ လွတ်လပ်ရေးရပြီး ကျောင်းသားသမဂ္ဂ ကွန်မြူနစ်သူပုန်တွေရဲ့ မြို့ပေါ် ခြေကုပ်ဖြစ်လာတာ။ ဖဆပလ အစိုးရလက်ထက် ကတည်းကပဲ။ အခုပြန်ပြီး အခွင့်သာတာနဲ့ သူတို့ရဲ့ နည်းဟောင်းကြီးကို ပြန်သုံးဖို့ ကြိုးစား လာတာပါ။
ဒီအကြောင်းတွေကို သိပ် မသိကြသေးတဲ့ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်တွေရော၊ ကိုယ့်ဝမ်းစာကို ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ အလုပ်သမား ညီငယ်၊ ညီမငယ်တွေရော၊ မလွှဲမရှောင်သာ ပိတ်ရ ဆို့ရ၊ တားဆီးရမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုရော ကြိုပြီး သတိပေးလိုက် ချင်ပါတယ်။ သူတို့ကတော့ နယ်ရုပ်တွေကို ထိုးကျွေးပြီး ပါဝါလမ်း ဖွင့်မှာပဲ၊ အဲဒါကို သူတို့အခေါ်ကတော့ ''အာဇာနည် ဖန်တီးခြင်း'' လို့ ခေါ်ပါတယ်။ ကျွန်ခေတ်က ကျောင်းသားသပိတ်မှာ ပုလိပ်အဖွဲ့က နံပါတ်တုတ်နဲ့ ရိုက်ပြီး လူအုပ်ခွဲတော့ အရိုက်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသား ကိုအောင်ကျော်ကနေ ''အာဇာနည် ဗိုလ်အောင်ကျော်'' ဖြစ်သွား သလိုပါပဲ။ သူတို့ ကိုယ်တိုင်ကတော့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီဆိုတာနဲ့ ကိုယ်ယောင်ဖျောက်ပြီး မြေလျှိုးကုန် ကြမှာ အသေအချာပါပဲ။ မယုံရင် ကျောင်းသား သပိတ်စစ်ကြောင်းရဲ့ ထိပ်ဆုံးမှာ အဲဒီခေါင်းဆောင် ဆိုတဲ့ လူတွေကို အလံကိုင်ပြီး တက်ခိုင်း ကြည့်ပါလား။ အဲဒါ သူတို့ရဲ့ ဖော်မြူလာ မဟုတ်ဘူးလေ။ အခုတောင်မှ အရေးကြီး ပုဂ္ဂိုလ် ဗွီအိုင်ပီ ခေါင်းဆောင်က လုံခြုံရေး စိတ်မချလို့ ဆိုပြီး ''လုံခြုံတဲ့နေရာ''မှာ စောင်ခြုံပြီး လုံလုံခြုံခြုံ ပုန်းနေပြီ မဟုတ်လား။
ဒါကြောင့် နောက်ဆုံး ပြောချင်တာက တကယ် မသိနားမလည်ဘဲ ဘေး ကပြောတာနဲ့တင် အယုံလွယ်ပြီး နိုင်ငံရေး ရွှေ့ကွက်ထဲမှာ နယ်ရုပ်အဖြစ်နဲ့ ခေါင်းထိုးမခံချင်ကြပါနဲ့လို့ အပြစ်မဲ့တဲ့ လူငယ်တွေ၊ အလုပ်သမား တွေကို စေတနာနဲ့ သတိပေးလိုက်ချင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိတဲ့လူကြီးတွေကိုလည်း အပြစ်မရှိတဲ့ ကျောင်းသားကလေးတွေ၊ အလုပ်သမားတွေကို မထိမခိုက်မိအောင် ဂရုစိုက်ပြီး ထိန်းပေးပါ။ အရေးယူစရာ ရှိရင် ဘေးကနေ တွန်းဖို့ အကွက်ဆင်ပေးနေတဲ့ ကျောင်းသား အစစ် မဟုတ်တဲ့သူတွေ၊ အလုပ်သမားအစစ် မဟုတ်တဲ့သူတွေ ကိုပဲ သေချာရွေး ပြီး ကိုင်တွယ် အရေးယူပါ။ သဘောရိုးနဲ့ ကလေးတွေကို လိုက်ပြီး စောင့်ရှောက်ပေးတဲ့ အရပ်ထဲက သာမန် ပြည်သူတွေကိုလည်း မထိခိုက်စေချင်ပါဘူး လို့ပဲ မေတ္တာရပ်ခံ ချင်ပါတယ်။
မြ၀တီ

No comments:

Post a Comment