Monday, March 23, 2015

မူးယစ်ဆေးဝါးနဲ့ တရားမ၀င်မှောင်ခိုလုပ်ငန်းများကြောင့် နာမည်ပျက်လာသော ဦးစိုင်းလင်းရဲ့ မိုင်းလားနယ်မြေ



ကိုးကန့်ဒေသကို ဖုန်ကြားရှင်ရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် နောက်ကွယ်ကနေ ထောက်ပံ့ကူညီမှုတွေပြုလုပ်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအပေါ် ပြည်သူတို့က စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။ ထိုသို့ထောက်ပံ့နေသူများထဲတွင် မိုင်းလား နယ်မြေအား အုပ်ချုပ်နေသော NDAA ဥက္ကဌ ဦးစိုင်းလင်းလည်းအပါအ၀င်ဖြစ်ပါသည်။

မိုင်းလားဒေသသည်ကာစီနိုလောင်းကစားရုံများဖြင့် နာမည်ကြီးလှပြီး ယင်းလောင်းကစားနှင့်ဆက်စပ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊လက်နက်မှောင်ခိုကူးခြင်းများဖြင့် စီးပွားရှာနေကြောင်းလည်းယင်းဒေသခံများထံမှသိရသည်။
“၀မ်းသျှိုးရွာမှာဆိုရင် ကာစီနိုလောင်းကစားရုံတွေ အကြီးအကျယ်ပဲလေ၊ မိုင်းလားတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လုံခြုံရေး စောင့်ကြပ်ပြီး ဖွင့်လှစ်ထားတာ၊ တရုတ်ဘက်ကလူတွေလည်း လာကစားတယ်၊ မိုင်းလားဒေသခံတွေကတော့ အဲဒီ လောင်း ကစားရုံတွေကြောင့် စီးပွားပျက်နေကြတာ၊ အဲဒီကရတဲ့ဝင်ငွေက စိုင်းလင်းအတွက်နည်းတာမှမဟုတ်တာ”ဟု မိုင်းလား မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါလောင်းကစားရုံများနှင့် ဆက်စပ်ပြီး KTV ၊အနှိပ်ခန်းများဖွင့်လှစ်ကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာ ဈေးကွက်အဖြစ် ဖန်တီးနေသောကြောင့် ဒေသခံလူငယ်များမှာ မူးယစ်ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သလို ဒေသခံအမျိုး သမီးငယ်များမှာလည်း အပျော်အပါးအနှိပ်ခန်းများ၌ ပျက်စီးနေကြကြောင်း သိရသည်။
“စိုင်းလင်းဆိုတာကလည်း မူးယစ်ရာဇာပဲလေ၊ “၀”ခေါင်းဆောင်တွေလို ဆုငွေထုတ်ခံရတဲ့အထဲမှာတော့ မပါဘူးပေါ့ သူကြောင့် ဒေသခံလူငယ်တွေပျက်စီးနေကြပြီ၊ မိန်းကလေးတွေဆိုရင် ငွေရတော့အဲဒီကနေမပြန်ချင်ကြဘူး၊ ဖြစ်နိုင်ရင် အဲဒီ လောင်းကစားရုံတွေဖျက်သိမ်းစေချင်ပါပြီ”ဟု ဒေသခံမိဘတစ်ဦးက ဆိုသည်။
NDAA ဥက္ကဌ ဦးစိုင်းလင်းသည် မူးယစ်ဆေးဝါးနှင့် လောင်းကစားမှရရှိသော ငွေများဖြင့် လက်နက်မှောင်ခိုသွင်းကာ ယောက္ခမဖြစ်သူဖုန်ကြားရှင်အား နောက်ကွယ်မှ လူအား၊ငွေအားတို့ဖြင့် ထောက်ပံ့ပေးနေကြောင်းလည်း တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူသတင်းထောက်တစ်ဦးက ပြောသည်။
“စိုင်းလင်းကသူ့ယောက္ခမ ဖုန်ကြားရှင်ကို မကူညီဘဲနေပါမလား၊ ဖုန်ကြားရှင်ကမူးယစ်ရာဇာဆိုတော့ သမက်လုပ်သူ ကလည်း အတူတူပဲပေါ့၊ စိုင်းလင်းရပ်တည်နေတာ အဲဒီလောင်းကစားရုံတွေနဲ့မူးယစ်ဆေးဝါးကနေ ၀င်ငွေသိန်းထောင်ချီရ နေလို့၊ ပြီးတော့လက်နက်မှောင်ခိုလည်းရှိသေးတယ်၊ သူက ထိုင်းပတ်စစ်ပို့ကိုင်ထားတော့ ဟိုနိုင်ငံထဲကိုအချိန်မရွေးဝင် လို့ရတာပေါ့၊ ဆေးကုရင်တောင်ထိုင်းမှာသွားကုတာ”ဟု ယင်းက ဆက်လက်ပြောကြားသွားသည်။
ဦးစိုင်းလင်းဦးဆောင်သော NDAA အဖွဲ့သည် ငြိမ်းချမ်းရေးယူထားသော အဖွဲ့ဖြစ်သော်လည်း လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လက်နက်မှောင်ခိုနှင့် ကလေးစစ်သားအသုံးပြုမှုများကြောင့် နာမည်ပျက်လာ သလို ယင်းကဲ့သို့တရားမ၀င်လုပ်ငန်းများမှ ရရှိသောဝင်ငွေများသည်လည်း ဦးစိုင်းလင်းကိုယ်ကျိုးစီးပွားအတွက်သာဖြစ်နေ သောကြောင့် လက်အောက်ခံတပ်ဖွဲ့ဝင်များမှာ စိတ်ပျက်လျက်ရှိကြောင်း ယင်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။
ဇော်နိုင်

No comments:

Post a Comment