Monday, March 23, 2015

ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှအရွေးခံရန်ပြင်ဆင်


၂၀၁၅ ရွေးကောက်ပွဲကျင်းပရန်နီးကပ်လာသည့်အချိန်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများအနေဖြင့် ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက်ရှိနေကြရာ ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့ အနေဖြင့် ရွေးကောက်ပွဲအား NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် အတွက် ပြင်ဆင်လျက်ရှိနေကြကြောင်းသတင်းရရှိသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ကြိုတင်စုဖွဲ့မှုများပြုလုပ်၍ ပါတီအသစ်ထူထောင်ခြင်းများ၊ ရွေးကောက် ပွဲကော်မရှင်သို့ နာမည်စာရင်းတင်သွင်းခြင်းများပြုလုပ်လျက် ရှိနေကြပြီး၊ ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင်အချို့ကလည်း NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ချိတ်ဆက် မှုများပြုလုပ်နေကြကြောင်းသိရှိရသည်။

“ကျွန်တော်တို့ ပါတီက ၂၀၁၅ ရွေးကောက်ပွဲကိုဝင်မှာပါ၊ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ ဘယ်မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံမယ် ဆိုတာကတော့မသိသေးဘူး၊ ပါတီထဲမှာကလည်းအရမ်းရှုပ်ထွေးနေတယ်။ ပါတီကထိပ်တန်းအကြီးအကဲတွေကိုယ်တိုင်က ၂၀၁၅ ရွေးကောက်ပွဲ ကို ပြည်ခိုင်ဖြိုး ကနေအရွေးမခံဘူးလို့ကြားနေရ တာပေါ့၊ နောက်ဆုံး သိသလောက်ဆိုရင် ပြည်ခိုင်ဖြိုးအချို့ခေါင်းဆောင်တွေကိုယ်တိုင် NLD ထဲဝင်ပြီးအရွေးခံဖို့ထိပြင်ဆင်နေကြတယ်လို့သိရတယ်”ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တစ်ဦးကပြောသည်။
“ ပါတီဝင်အချင်းချင်းကတော့ အောက်မှာဘာပြဿနာမှမရှိပါဘူး၊ အားလုံးစည်းစည်းလုံးလုံးရှိကြတယ်၊ ပါတီခေါင်းဆောင်ပိုင်းမှာတော့ အချို့တွေနည်းနည်းယိုင်သွားတာမျိုးတွေတော့ကြားနေရတာပေါ့၊ ဒါကလည်းအနည်းစုပါ၊ NLD နဲ့နီးနီးစပ်စပ်ရှိတဲ့သူတွေပဲဖြစ်မှာပေါ့၊ ပါတီထိပ်တန်းခေါင်းဆောင်အချို့ဆိုရင် ဖေ့ဘွတ်ပေါ်မှာတောင် NLD ပါတီဥက္ကဌကိုအရမ်းလေးစားချစ်ခင်တဲ့အကြောင်းတွေရေးထားတာမျိုးတွေတော့ တွေ့နေရတာပဲလေ၊ NLD ကနေဘယ်သူဘယ်ဝါတွေဝင်အရွေးခံမယ် ဆိုတာတော့ တိတိကျကျထုတ်ပြောလို့မရသေးပါဘူး” ဟု ၎င်းကဆက် လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီအနေဖြင့်လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သောပထမအကြိမ်ဗဟိုကော်မတီအစည်းအဝေး၌ ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ကြရာ၊ ၂၀၁၅ ခုနှစ်အတွင်းအခြေခံဥပဒေပုဒ်မ ၅၉ (စ) အားပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါ က၊ ရွေးကောက်ပွဲအနိုင်ရရှိခဲ့လျင် တင်မြှောက်မည့် သမ္မတလောင်း အား ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးအားရွေးချယ်တင်မြှောက်မည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။
ယခုလိုပါတီကူးပြောင်း၍ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းကိုယ်စားလှယ်အချို့နှင့်ပတ်သက်၍
“၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီအစစ်မဟုတ်တဲ့သူတွေလည်းပါတယ်လေ၊ ပြည်ခိုင်ဖြိုးနာမည်ခံပြီး ရွေးကောက်ပွဲဝင်ခဲ့တာပေါ့၊ လက်ရှိအခြေအနေမကောင်းတော့ ပါတီကူးပြောင်းတာတွေ ရှိလာတာပေါ့။ ဒါဟာကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး …. ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းကသူတို့အနေနဲ့ကအရည်အချင်းရှိလို့အရွေးခံခဲ့ရတာမဟုတ်ဘူးလေ၊ မဲပေးတဲ့ပြည်သူကပေးစရာလူမရှိလို့ ကိုယ်စားလှယ်ဖြစ်လာကြတာ၊ဒါကလည်းအားလုံးသိတာပဲ၊ ပြည်ခိုင်ဖြိုးကလည်းမဲဆန္ဒနယ်အားလုံးဝင်ပြိုင်ခဲ့တာကိုး၊ ဒါပေမယ့် ဒီလူတွေ အမတ်ဖြစ်လာတော့ အခုချိန်ထိသက်ဆိုင်ရာမဲဆန္ဒနယ်ကိုဖွံ့ဖြိုးတိုးတက်ဖို့ ဘာမှလုပ်ခဲ့တာလည်းမရှိကြဘူး” ဟုပြည်ခိုင်ဖြိုးပါတီဝင်က ဆက်လက်ပြောဆိုသည်။
ယခုအခါတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ အခြေအနေ မကောင်းနိုင်ကြောင်းကိုပါတီထိပ်တန်းခေါင်းဆောင်အချို့က နားလည်သိရှိ ထားပြီး ပါတီတွင်း၌လည်းစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိနေကြကြောင်း သိရှိရသည်။ ယခုလိုအခြေအနေမျိုးတွင် ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင်အချို့အနေဖြင့် ၎င်းတို့ပါတီမှ ၀င်ရောက်အရွေးခံခဲ့ပါကရှုံးနိမ့်နိုင်မည်ကိုသိရှိသောကြောင့် NLD ပါတီသို့ဝင်ရောက်ပူးပေါင်းကာ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ကြောင်းသိရှိရသည်။
ကျော်နိုင်စိုး
ဘက်မလိုက် သတင်းဂျာနယ်

No comments:

Post a Comment